၁၀ ဧပြီ ၂၀၂၅

မြန်မာနိုင်ငံ အစိုးရ၊ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ နယ်ပယ်အသီးသီးမှ သက်ဆိုင်သူများကို အပြုသဘော ဆောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံသွားဖို့ ကတိပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Abhay Thakur ကပြောကြားလိုက်ပါတယ်။

ဧပြီလ ၉ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ အိန္ဒိယစင်တာတွင်ကျင်းပခဲ့တဲ့ အိန္ဒိယနိုင်ငံယဉ်ကျေးမှုဆိုင်ရာ   ဆက်ဆံရေးကောင်စီတည်ထောင်သည့် ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနား၌ အိန္ဒိယ  သံအမတ်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ ဆက်ဆံရေးသည် ရှေးကျပြီး၊ ခိုင်မြဲကာ နက်ရှိုင်းစွာ အမြစ်တွယ်နေတယ် လို့ သံအမတ်ကြီးကပြောပါတယ်။ တူညီတဲ့ ဘာသာရေးဆိုင်ရာအမွေအနှစ်များ၊သမိုင်းဝင်ကုန်သွယ်မှု  လမ်းကြောင်းများနှင့် အနုပညာ၊ စာပေနှင့် ဒဿနိကဗေဒတို့တွင် ဖလှယ်မှုများသည် အိန္ဒိယနှင့်မြန်မာ  နှစ်နိုင်ငံအကြား အပြန်အလှန်ဆက်နွှယ်မှုကို သက်သေထူနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

အိန္ဒိယ၏ အဓိကမူဝါဒသုံးရပ်ဖြစ်သည့် အိမ်နီးချင်းပထမ၊ အရှေ့နှင့်ထိတွေ့ဆက်ဆံရေး နှင့် အင်ဒို-ပစိဖိတ်- မြန်မာ စသည့်မူဝါဒတို့ဆုံစည်းရာတွင်တည်ရှိသည့် မြန်မာနိုင်ငံသည် အိန္ဒိယအတွက် အမှန်တကယ် အထူးနေရာတစ်ခုဖြစ်တယ်လို့ သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အိန္ဒိယ၏ ပံ့ပိုးကူညီမှုသည် ခိုင်မာလျက်ရှိနေတယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောကြားလိုက်ပြီး နိုင်ငံတော် တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ် သို့မဟုတ် သတင်းအချက်အလက်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်မှုများစတဲ့ အတွေ့အကြုံများမျှဝေခြင်းနှင့် စွမ်းရည်မြှင့်တင်ခြင်းစတာတွေမှာ အိန္ဒိယက ကူညီမှုပေးနေတယ်လို့  သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံ၌ လှုပ်ခတ်ခဲ့သော ငလျင်သည် လူနေမှုဘဝ၏ ပျက်ဆီးလွယ်သောသဘာဝကို ပြတ်ပြတ်  သားသား သတိရစေပြီး  ယခုလိုအချိန်မျိုးတွင် အိန္ဒိယ-မြန်မာ စည်းလုံးညီညွတ်ရေး စိတ်ဓာတ်    အစစ်   အမှန် ကို မြင်တွေ့နေရတယ်လို့ အိန္ဒိယသံအမတ်ကြီးကပြောကြားပါတယ်။ အဲဒီအပြင် သံအမတ်ကြီးက အိန္ဒိယအစိုးရက မြန်မာငလျင်ကြီးအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည်များကို လည်း ကိန်းဂဏန်းအချက်အလက်များနှင့် ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Indian Council for Cultural Relations (ICCR)ကို  အိန္ဒိယအစိုးရက ၁၉၅၀ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်အိန္ဒိယနိုင်ငံ၏ ပြင်ပယဉ်ကျေးမှု ဆက်ဆံ ရေးနှင့်သက်ဆိုင်သည့် မူဝါဒများနှင့်အစီအစဉ်များ  ကိုရေးဆွဲအကောင်အထည်ဖော်ရန်၊အိန္ဒိယနှင့်အခြားနိုင်ငံများအကြား ယဉ်ကျေးမှု ဖလှယ်မှုများပြုလုပ် ခြင်းဖြင့် အပြန်အလှန် နားလည်မှု မြှင့်တင်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် တည်ထောင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၄-၂၅ ခုနှစ်များအတွင်း၊ ရန်ကုန်မြို့ရှိ ICCR ၏ Swami Vivekanand Cultural Center မှတဆင့် မြန်မာနိုင်ငံမှ အနုပညာရှင် ၂၈ ဦးသည် အိန္ဒိယနိုင်ငံတွင်ကျင်းပခဲ့တဲ့Kullu Dussehra ပွဲတော်၊ Surajkund Mela နှင့် Ramayan ဖျော်ဖြေပွဲများသို့တက်ရောက်ခဲ့ကြပါတယ်။ရာမာယနပန်းချီပြပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်တွင် ပြသခဲ့ပါတယ်။မြန်မာနိုင်ငံမှ ကျောင်းသားများနှင့် သင်တန်းသားများအား သင်ကြားပို့ချပေးသည့် ရေတိုရေရှည်သင်တန်း စုစုပေါင်း ၄၂၁ ခု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တက္ကသိုလ်ပညာသင်ဆု ၃၉ ခုကို ICCR မှ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားတွင် ICCR ကျောင်းသူကျောင်းသားဟောင်းများဖြစ်ခဲ့ကြသည့် နိုင်ငံတာဝန်ကြီးများ လက်ရှိ    ထမ်းဆောင်နေကြသူ (၅)ဦးတို့က အမှတ်တရစကားများကို ရုပ်သံဗွီဒီယိုဖြင့်ပြောကြား   ခဲ့ကြပြီး  မြတ်စွာ   ဘုရားရှင်၏ မဟာဗုဒ္ဓဝင်ဇာတ်တော်ကို Bharatnatyamအကဖြင့် သရုပ်ဖော်ကပြသကာ မြန်မာ့ရိုးရာ    သင်္ကြန်တေးသီချင်းဖြင့် အိန္ဒိယ၏ ယောဂသရုပ်ပြသမှုတို့ကိုဖန်တီး တင်ဆက်ခဲ့ကြောင်းသိရှိရပါတယ်။

#ymg/knl

IndiaAMb4