၇ ဧပြီ ၂၀၂၅

မြန်မာနိုင်ငံတွင် လှုပ်ရှားခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ယနေ့ဧပြီ ၇ရက် ညနေပိုင်း  အထိ သေဆုံးသူ ၃၆၀၀ ဦးရှိသွားပြီလို့သိရပါတယ်။

ဧပြီ ၇ရက် ည (၇)နာရီတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၆၀၀ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၀၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၆၀ ဦး အထိရှိသွားပြီဖြစ်ပါတယ်။

ကူညီကယ်ဆယ်မှုများအနေဖြင့်  နိုင်ငံပေါင်း ၂၀ မှ လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး နှင့် သင်္ဘော ၅ စီးတို့ဖြင့် ကယ်ဆယ်ရေးကူညီပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း  က ပြောပါတယ်။ ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၇၃၈ ဦး စေလွှတ်ကူညီမှုတွေ ပေးခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော်  ကယ်ဆယ်ရေးပစ္စည်း ၈၄၄ တန်ကျော်ရောက်ရှိပြီး လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနှင့် နိုင်ငံတကာမှကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ဦး အမျိုးသမီး ၃၁၅ဦး စုစုပေါင်း ၆၅၃ဦး ကယ်ထုတ်နိုင်ခဲ့ ပါတယ်လို့သိရပါတယ်။ သေဆုံးနေသူ အမျိုးသား ၃၄၀ဦး အမျိုးသမီး ၃၆၀ ဦးနှင့် စုစုပေါင်း ၇၀၀ဦးတို့ရဲ့ အလောင်းများကို ဖော်ယူဆွဲထုတ်နိုင်ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရုရှား၊ တရုတ်၊တရုတ်(ဟောင်ကောင်)၊အိန္ဒိယ၊ထိုင်း၊စင်္ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဗီယက်နမ်၊ ယူအေအီး၊လာအို၊ဘီလာရုစ်၊အင်ဒိုနီးရှား၊ဘူတန်၊ဖိလစ်ပိုင်၊ဂျပန်၊နီပေါ၊ပါကစ္စတန်၊တူကီယဲလ်၊အမေရိကန်၊သီရိလင်္ကာ၊ဟောင်ကောင်စတဲ့ နိုင်ငံ ၂၀ ကကူညီကယ်ဆယ်မှုများ၊ထောက်ပံ့ပစ္စည်းများ  ပေးပိုခဲ့ကြပါ   တယ်။