#Local_News
Published_ 26 June 2024

▪️ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို(၄၀)ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့သလို တစ်နှစ်တာအတွင်းမူးယစ်ဆေးစွဲလူနာ(၃) သောင်းနီးပါးအားကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

 

▪️ ယင်းကဲ့သို့‌ဆောင်ရွက်နိုင်ခဲ့ကြောင်းကို ဇွန်လ(၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် နစကအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဌ၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၏သဝဏ်လွှာ၏ ဖော်ပြချက်အရသိရခြင်း ဖြစ်သည်။

 

▪️ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အကြိမ်ပေါင်း ၄၀ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

 

▪️ ၂၀၂၃ ခုနှစ်အတွင်း Operation 39 အထူးစစ်ဆင်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို အောင်မြင်စွာဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်တွင်လည်း Operation 39/24 အထူးစစ်ဆင်ရေးကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း‌ ဖော်ပြထားသည်။

 

▪️ ၂၀၂၃ ခုနှစ်အတွင်း မူးယစ်ဆေးစွဲလူနာ ၂၆၅၉၅ ဦးအား ကုသပေးနိုင်ခဲ့ပြီး ၂၃၈၇၅ ဦးအား မက်သာဒုံးတိုက်ကျွေးနိုင်ခဲ့ကြောင်းနှင့်

 

▪️ မူးယစ်ဆေးစွဲလူနာများ ကုသရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျှော့ချရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် ဆေးကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၆ ခုနှင့် မက်သာဒုံးဆေးခန်း ၉၀ ခုတို့ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြန်လည် ထူထောင်ရေးစခန်းများ ၁၄ ခုကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်ဟု ဖော်ပြပါရှိသည်။

 

▪️ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC (United Nations Office on Drugs and Crime) ၊ AFP (Australian Federal Police) ၊ DEA (Drug Enforcement Administration) ၊ NNCC (National Narcotics Control Commission) ၊ ONCB (Office of Narcotics Control Board) တို့နှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။

 

▪️ ထို့အပြင် ၂၀၂၃ ခုနှစ်အတွင်း (၂၄) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေးအားလည်းကောင်း၊ (၄၄) ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးအားလည်းကောင်း၊ ၂၀၂၄ ခုနှစ်အတွင်း (၇) ကြိမ်မြောက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးအားလည်းကောင်း၊ ASOD (The ASEAN Senior Officials Meeting on Drug Matters) တာဝန်ခံများ၏ အာဆီယံစီမံချက်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းကွန်ရက် အစည်းအဝေးအားလည်းကောင်း မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတကာနှင့် မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊

 

▪️ သို့ဖြစ်၍ ယခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ ပေးပို့သည့်ဆောင်ပုဒ် “ The Evidence is clear : invest in Prevention” “ မူးယစ်အန္တရာယ်ကင်းစင်ရေး၊ ဘက်စုံကြိုတင်ကာကွယ်ပေး” ဆိုသည့်အတိုင်း နိုင်ငံတိုင်းအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း  သဝဏ်လွှာတွင် ဖော်ပြပါရှိကြောင်း သိရသည်။

 

#tthl  #Yangon_Times