#Local_News
Published_05 June 2024

 

▪️ ရန်ကုန်တိုင်းရှိ သီလရှင်(၁၁၁၁)ပါးကို  ဗီယက်နမ်အလှူရှင်များမှအလှူငွေနှင့်ဆွမ်းဆန်တော်လောင်းလှူပွဲပြုလုပ်ပြီး လှူဒါန်းခဲ့ကြောင်း သိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ကျောင်းတိုက်( ၁၂၃) တိုက်မှ သီလရှင်ဆရာလေး (၁၁၁၁) ပါးတို့အား တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ဂေါပကအဖွဲ့ဝင်များ နှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံအလှူရှင်များက အလှူငွေနှင့်  ဆွမ်းဆန်တော်များ လောင်းလှူကြခြင်းဖြစ်သည်။

 

▪️ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး ၁၁၁၁ ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

 

▪️ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋက ဓရဓမ္မဘဏ္ဍာဂါရိကဆရာတော်များ၊ ဗီယက်နမ်ဆရာတော်ဘဒ္ဒန္တ သီလဂုဏနှင့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာ‌လေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံနှင့် ပြည်ပတိုင်းပြည်များ၌ နေထိုင်သော ဗီယက်နမ်အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။

 

▪️ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ ဖွင့်လှစ်ပြီး ဒဂုံအရှေ့ပိုင်းမြို့နယ်၊ တိပိဋကဂန္ဓဝင် ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော် တိပိဋကဓရဓမ္မ ဘဏ္ဍာဂါရိက ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရား တော်ကို ရိုသေစွာနာယူကြသည်။

 

▪️ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဆရာတော်ကြီး ၄၅ ပါးနှင့် သီလရှင်ဆရာလေး ၁၁၁၁ ပါးတို့အတွက် အလှူတော်ငွေ ၁၂၀,၀၀၀,၀၀ဝိ/- (ကျပ်သိန်းတစ်ထောင့်နှစ်ရာ တိတိ) လှူဒါန်း၍ ဗီယက်နမ်အလှူရှင်များက ဆရာတော်ကြီးများ အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်ဟု ဆိုသည်။

 

▪️ ဆက်လက်၍ ဗီယက်နမ်ရဟန်းတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိက ကျေးဇူးတင်ဝမ်းမြောက်စကားလျှောက်ထားပြီး ရက္ခိတစွမ်းအား ပရဟိတအဖွဲ့ဥက္ကဋ္ဌ အခမ်း အနားကျင်းပရေး အကျိုးတော်ဆောင် ဦးဝင်းမောင်မောင်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားခဲ့သည်။

 

▪️ ထို့နောက်ဆရာတော်ကြီးများက ဗီယက်နမ်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တ  သီလဂုဏက ဝမ်းမြောက်ဩဝါဒစကား မိန့်ကြားတော်မူသည်။

 

▪️ ယင်းနောက် စွယ်တော်မြတ်စေတီတော် (ရန်ကုန်) ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ၊  ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အရှင်သူမြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုပ်သိမ်းခဲ့‌  ကြောင်း သိရသည်။

 

▪️ ဗီယက်နမ်အလှူရှင်များသည်  ရွှေတိဂုံစေတီတွင် သံဃာတော် ၅၅၅၅ပါးအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

 

#tthl #Yangon_Times