#Local_News
Published_05 June 2024

▪️ ယခုရက်ပိုင်းအတွင်းတွင်  နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူ (၃၉) ဦးကို အရေးယူထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှဇွန်(၄)ရက်၌ ထုတ်ပြန်သည်။

 

▪️ မေလ(၂၄) ရက်နေ့မှ ဇွန်(၄)ရက်အထိ(၁၀)ရက် ကျော်ကာလအတွင်း နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူ (၃၉) ဦးအား စိစစ်‌ဖော်ထုတ်ပြီး အရေးယူထားခြင်းဖြစ်သည်။

 

▪️ ထုတ်ပြန်ချက်၌မေလ(၂၄) ရက်နေ့မှ ဇွန်(၄)ရက်အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါလူပုဂ္ဂိုလ် (၃၉)ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်သည်ဟုဆိုသည်။

 

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းနှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်းမရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟုဖော်ပြထားသည်။

 

▪️ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင်ဒီဂျစ်တယ်ငွေကြေးများ အရောင်း အဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထပ်မံအသိပေးထားကြောင်း သိရသည်။

 

#tthl #Yangon_Times