#Local_News
Published _5 Jun 2024

▪️ တစ်နိုင်ငံလုံးတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ အပါအဝင် တစ်နိုင်ငံလုံး သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်းကို ယခုနှစ် မိုးရာသီ အတွင်းစိုက်ပျိုးမည်ဟု နေပြည်တော်၌ပြုလုပ်သည့်ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 


▪️ မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ပါဝင်ခဲ့‌သောကြောင့်လည်း အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများအတွက် သစ်တောဦးစီးဌာနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးဦးစီးဌာနတို့က ယခုနှစ် မိုးရာသီတွင် တစ်ရွာ ၂ ဧကစိုက်ခင်း၊ ဘက်စုံသုံးစိုက်ခင်းနှင့် ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း ၃၅၅၁ ဒသမ ၂၀ ဧက၊ ပျိုးပင်ပေါင်းနှစ်သန်းကျော်ကို ကျေးရွာပေါင်း ၈၀၉ ရွာတွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ယင်းကပြောသည်။

 

▪️ အလားတူ ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင်နေရာ အသီးသီးတွင်လည်း ဒေသအလိုက်သင့်တော်သည့် အရိပ်ရအပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးရန်၊ သစ်ပင်သစ်တော်ထိန်းသိမ်းရန် အာဆီယံလမ်းမကြီးများ ဘေးဝဲယာ၊ အမြန်လမ်းမကြီးဘေးဝဲယာနှင့် ရထားလမ်းများ ဘေးဝဲယာများတွင်လည်း သစ်ပင်များစဉ်ဆက်မပြတ် စိုက်ပျိုးပြုစုထိန်းသိမ်းကြရန်လိုကြောင်းလည်း ၎င်းကပြောသည်။

 

▪️ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းကစ၍ နစကသက်တမ်းအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု၊ ဧရိယာဧက ၅၆၀,၀၀၀ ကျော်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု ဧရိယာဧက ၅၉၀,၀၀၀ ကျော် စုစုပေါင်း ဧရိယာဧက ၁ ဒသမ ၁၅ သန်းကျော်ကို တည်ထောင်ဖွဲ့စည်းနိုင်ပြီးဖြစ်ကြောင်း သိရသည်။

 

▪️ နစက‌အနေဖြင့် ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ပဏာမ လေ့လာစမ်းစစ်မှုများအရ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတိုးဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် ဧက ၁ ဒသမ ၀၇ သန်းရှိခဲ့ပြီး ယခုအခါတွင် ဧက ၁ ဒသမ ၁၃ သန်းထိ တိုးတက်လာကြောင်းလည်း နစကဥက္ကဌကပြောသည်။

 

▪️ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ အစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ သစ်တောပြုန်းတီးမှုအနေဖြင့် ကြည့်ပါက ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သော်လည်း ၂၀၁၀ မှ ၂၀၂၀ ပြည်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ကို တွေ့ရသည့်အတွက် သစ်တောပြုန်းတီးမှုကို လျော့နည်းအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်းကို တွေ့ရခြင်းဖြစ်ကြောင်းလည်း ယင်းက ပြောကြားခဲ့သည်။

 

#Yangon _Times /PP