#Local_News
Published_ 27 May 2024


ပုဂံဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း ဌာန၏ထုတ်ပြန်ချက်အရသိရသည်။

 

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် သတ်မှတ်ထားသော မြို့ပြလူနေထိုင်ရာဧရိယာပြင်ပရှိ ယာမြေကွက်၊ မြေလွတ်မြေလပ်ကွက်များသည် လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ထုတ်ပေးမရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များကို ဝယ်ယူ၍ အခြားနည်းအသုံးပြုလိုသူများ၊ လူနေအဆောက်အဦများ၊ သာသနိကအဆောက်အဦများ၊ ဈေးဆိုင်ခန်းများ ဆောက်လုပ်လိုသူများ သည် လုပ်ငန်းဆောင်ရွက် ခွင့်မရနိုင်သောကြောင့် ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်သူကာယကံရှင် များ ငွေကြေးဆိုင်ရာ ဆုံးရှုံး နစ်နာမှုရှိနိုင်သည်ဟုဆိုသည်။

 

ပုဂံအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း လယ်ယာ မြေအခြားနည်းသုံးစွဲခွင့်နှင့် ဂရန်ထုတ်ပေးခြင်းများနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသန နှင့် အမျိုသားပြ တိုက်ဦးစီးဌာန၌ (၈.၁၀.၂၀၂၀) ရက်နေ့ပြုလုပ်သည့် ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (BAGANCOM) ပဉ္စမအကြိမ်အစည်းအဝေးတွင် “ပုဂံယဉ်ကျေးမှု ဒေသအတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲထုတ်ပေးခြင်း၊ လယ်ယာမြေအခြားနည်း သုံးစွဲခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ်ရန်နှင့် ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်” ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 

ထို့အပြင် ပုဂံဒေသဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင်(၅.၂)တွင် “ကမ္ဘာ့အမွေအနှစ်ဇုန် အတွင်းရှိ မြို့ပြဧရိယာများသည် အပြည့်အဝကာကွယ်ရန်လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကန့်အသတ်ဖြင့် အသုံးပြုနိုင်သည်။

 

အဆောက်အအုံမဆောက်ရသေးသည့် နေရာများသည် ယခုအတိုင်းထားရှိပြီး မည်သည့်ဆောက်လုပ်ရေးလုပ်ငန်းကိုမျှ ဆောက်လုပ်ခွင့်မပြုပါ။ အမွေအနှစ် ဇုန် အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာရပါမည်” ဟု ဖော်ပြပါရှိကြောင်း ဖော်ပြထားသည်။

 

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ထုတ်ပြန်ချက်တွင် ပုဂံကမ္ဘာ့အမွေ အနှစ်ဒေသအတွင်းတွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ တည်ရှိရာဒေသ (property Area) (၁၂၃၄၂. ၂၉)ဧကနှင့် ကြားခံဒေသ(Buffer Area) (၄၄၃၄၆.၂၉)ဧက စုစုပေါင်း (၅၆၆၈၉.၂၁)ဧက အတွင်းတွင် ညောင်ဦးမြို့၊ ပုဂံမြို့စသည့် မြို့(၂)မြို့နှင့် ကျေးရွာပေါင်း (၄၁)ရွာ ပါဝင်ကြောင်း၊

 

ယဉ်ကျေးမှုအမွေအနှစ်များတည်ရှိရာဒေသအတွင်း ရှေးဟောင်းအဆောက် အအုံပေါင်း (၃၅၉၅)ဆူ၊ ကြားခံဒေသအတွင်း (၂၄၂)ဆူ စုစုပေါင်း (၃၈၃၇)ဆူ ပုဂံဌာနခွဲမှ ထိန်းသိမ်းထားကြောင်း၊

 

ထိုသို့ထိန်းသိမ်းခြင်းအားဖြင့် ယဉ်ကျေးမှုအမွေအနှစ်သည်နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးစီ တိုင်း၏ အရည်အသွေး၊ တန်ဖိုး နှင့် ဂုဏ်သိက္ခာဖြစ်သဖြင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည့် သမိုင်းတန်ဖိုးကိုသိပြီး အမွေအနှစ်များကို တန်ဖိုးထားသတ်မှတ်မှသာလျှင် နိုင်ငံနှင့်လူမျိုးကို ပိုမို တန်ဖိုးထားချစ်မြတ်နိုးနိုင်မည်ဖြစ်၍ ရိုးရာယဉ်ကျေးမှုတန်ဖိုး ပျက်စီးပျောက်ကွယ်မသွားစေရန်အတွက် ယဉ်ကျေးမှုအမွေအနှစ်ကို ကာကွယ်ထိန်းသိမ်းရခြင်းဖြစ်ကြောင်းနှင့်
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများပြားကာ ၎င်းအဆောက်အအုံများနှင့် တွဲလျက်ရှိသော မြေယာရှုခင်း များနှင့် မြေယာထွန်ယက်စိုက်ပျိုးခြင်းဓလေ့သည်လည်း ထိန်းသိမ်းစောင့်ရှောက်ရမည့် လှပသောအမွေအနှစ်ပင် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။

 

#tthl #Yangon_Times