Published_ 14 May 2024

ကိုဗစ်ကာလပြီးနောက် ရုပ်ရှင်ရုံ(၃၆)ရုံဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ရာမှ ယနေ့အချိန်တွင် ရုပ်ရှင်ရုံ(၉၀) အထိ တိုးမြှင့်ရုံတင်ပြသနိုင်ခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှသိရသည်။

ယင်းကဲ့သို့ တိုးမြှင့်ဆောင်ရွက်နိုင်‌ကြောင်းကိုပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းကရုပ်ရှင်ရုံလုပ်ငန်းရှင်များ၊ ထုတ်လုပ်ရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးဆိုင်ရာကိစ္စများအား ဆွေးနွေးမှာကြားရာတွင်ထည့်သွင်း‌ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက"ကိုဗစ်-၁၉ ကာလမတိုင်မီရုပ်ရှင်ရုံ ၁၈၂ ရုံ၊ ပိတ်ကား ၂၀၇ ခု ရှိခဲ့ပါကြောင်း၊ကိုဗစ်ကာလပြီးနောက် ရုပ်ရှင်ရုံ(၃၆)ရုံဖြင့် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး  ယနေ့အချိန်တွင် ရုပ်ရှင်ရုံ ၉၀ အထိ တိုးမြှင့်ရုံတင်ပြသနိုင်ခဲ့ကာ မြန်မာဇာတ်ကား ၆၈ ရုံအထိ ပြသနိုင်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအနေဖြင့် တိုးတက်လာခဲ့ကြောင်း" ထည့်သွင်းပြောသည်။

ရုပ်ရှင်ထုတ်လုပ်ရေးများအနေဖြင့်လည်း တစ်လတွင်ရုံတင်နိုင်သည့် အရေအတွက်နှင့်တစ်နှစ်တွင် ရုံတင်ပြသနိုင်သည့်အရေအတွက်ကို ချင့်ချိန်၍ ရိုက်ကူးသင့်ပါကြောင်း၊ 

နိုင်ငံတော်အနေဖြင့်လည်း ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများကို ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများ ကုစားနိုင်ရန် ချေးငွေများထုတ်ချေးပေးခဲ့သလို ချေးငွေပြန်ဆပ်ရမည့်ကာလအား တိုးမြှင့်ပေးခဲ့ခြင်း၊ 

နိုင်ငံပိုင်ရုပ်ရှင်ရုံများအတွက် ရုံငှားရမ်းခကင်းလွတ်ခွင့်ပေးခြင်း၊ ရာခိုင်နှုန်းတစ်ခုသာ ပေးသွင်းစေခြင်းစသည်ဖြင့် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ 

ရုံပိုင်ရှင်များအနေဖြင့် ဇာတ်ကားများရွေးချယ်ရာတွင် ပရိသတ်အကြိုက် ဇာတ်ကားများရွေးချယ်မှုများပြီး အနုပညာဖန်တီးမှု၊ မိမိနိုင်ငံယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အနုပညာမြောက်ဖန်တီးမှုဇာတ်ကားများကို ပရိသတ်ကြိုက်မှုအားနည်းသည်ဟုယူဆပြီး ရုံတင်ရန်ရွေးချယ်မှုမရှိသည်ကိုလည်း ဝေဖန်သံများကြားနေရသည့်အတွက် အဖြေရှာကြရန်လိုအပ်ကြောင်း၊ 

ရုံတင်ပြသရေးပိုင်းအပြင် ရုပ်ရှင်ကားများကိုခိုးကူး၍ အွန်လိုင်းပေါ်တွင် ရောက်ရှိနေမှုများရှိနေသည်ဟုသိရပါသဖြင့် တားဆီးရန်နည်းလမ်းရှာဖွေသင့်ကြောင်း၊ 

ရုံပိုင်ရှင်များအနေဖြင့်လည်း မိမိရုံများတွင် ပြသသည့်ကားများကို ယခုလိုခိုးကူးမခံရအောင် စစ်ဆေးမှုများ၊ တားဆီးမှုများ၊ စောင့်ကြည့်မှုများ အထူးလိုအပ်ကြောင်း၊

ယနေ့အချိန်တွင် စီးပွားရေးတစ်ခုတည်း မတွက်စေဘဲနိုင်ငံအတွက်၊ ပြည်သူအတွက်၊ ရုပ်ရှင်လောကအတွက် မျှမျှတတစဉ်းစားပြီး အားလုံးအကျိုးရှိမည့် ရုံတင်ပြသရေးစနစ် ဖြစ်စေချင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group