Published_ 14 May 2024

ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေး ကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း နစကဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား မေ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

ထို့ပြင် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ မဟုတ်ဘဲမြေပြင်တွင် အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိ စေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့စစ်မှုထမ်းမှုနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ် အေးချမ်းမှုကို ပျက်စီးစေလိုသည့် ပြည်ဖျက် မီဒီယာအချို့က ပြည်သူများ စိုးရိမ် ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလာဟလသတင်းများ ထုတ်လွှင့်လျက်ရှိတာကို တွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကိုကြည့်ပါက အကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးအကြား တွေ့ရှိရကြောင်း၊ အဆိုပါ မွေးမြူထားရှိမှု နှင့်ပတ်သက်၍ ထုတ်လုပ်မှုစရိတ် လျှော့ရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သည့် အစာစပ်စက်ရုံများ တည်ဆောက်၍ ကိုယ်တိုင် အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက်ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်သည့်အပြင် မိမိကိုယ်တိုင် ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သလို ဆောင်ရွက်နိုင်သည့်အတွက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် မှီခိုစရာမလိုသည့်အပြင် ဥတစ်လုံးချင်းထုတ်လုပ်မှု စရိတ်သက်သာစွာဖြင့် ထုတ်လုပ်နိုင်သဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချဖြန့်ဖြူးပေးနိုင်မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသည်နိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအထောက်အကူဖြစ်စေရန်အတွက် ဆောင်ရွက်ရာတွင် နှစ်စဉ်နိုင်ငံတော်မှခွဲဝေပေးသည့် ဘတ်ဂျက်ဖြင့်သာ မရပ်တည်ဘဲ မိမိတိုင်းဒေသကြီး၏ ရှာဖွေရရှိသည့်ဘတ်ဂျက်ဖြင့် ရပ်တည်နိုင်သည်အထိ အဆင့်လိုက် အစီအမံကောင်းများ ရေးဆွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားပါတယ်။

ထို့ပြင် စီးပွားရေးဇုန်များအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာ၌ လစ်ဟင်းမှုမရှိစေရေး ရေ၊ မီး၊ အလုပ်သမား စသည့်ကိစ္စရပ်များကိုလည်း ချမှတ်ထားသည့် မူဘောင်အတွင်းမှသက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုကြောင်းပြောကြားခဲ့ပါတယ်။
Ymg_mnn
#Local_News
#Published_ 14 May 2024
#Yangon_Times #YMG_News #Yangon_Media_Group