#Local_News
Published_09 May 2024

▪️ 'ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနား' ကိုမေလ (၈)ရက်၊ကမ္ဘာ့ကြက်ခြေနီနေ့တွင် နေပြည်တော်၌ကျင်းပခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါအခမ်းအနားတွက်အသက် (၆၅)နှစ်ပြည့်သည်အထိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအဖြစ်တာဝန်ထမ်းခဲ့သူများကိုဂုဏ်ပြုခဲ့သလို ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့သည်။

 

▪️ ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ် မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပေး”( Keeping Humanity Alive) ဖြစ်သည်ဟုဆိုသည်။

 

▪️ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

▪️ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် "၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း (၁၉၁)နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း (၁၉၁) သင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကူအညီလိုအပ် သူများကို လူမှုကရုဏာ အကူအညီများ ပေးနိုင်နေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း  မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။

 

▪️ နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘော တူညီချက်များ (Geneva Conventions) နှင့်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီ လှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို  နိုင်ငံအတွင်း လူသားချင်း စာနာထောက် ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ကြက်ခြေနီ အခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက် တွန်းမှာ ကြားလိုကြောင်းနှင့်ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါ စေကြောင်း "ပြောကြားသည်။

 

▪️ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြား ပြီး  မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

▪️ ယင်းနောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသပြီး မွန်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ ဘင်ခရာအဖွဲ့နှင့်အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များက “အများအတွက်ကြက်ခြေနီ” သီချင်းနှင့် လူငယ်ကြက်ခြေနီ မောင်မယ်များက “လူငယ်ကြက်ခြေနီ” သီချင်းဖြင့်  သီဆိုဖျော်ဖြေကြသည်။

 

▪️ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက် ၆၅ နှစ်ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ ကိုယ်စား မကွေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးကျော်မြင့်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်  စာစီစာကုံးပြိုင်ပွဲတွင် မြန်မာဘာသာဖြင့် ပထမဆုရရှိသည့် မောင်ဖြိုးဝေဝင်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် ရွှေရည်ထွန်းလတ် ကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း၊  တတိယဆုရရှိသည့် မအေးမြမူကိုလည်း ကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီး မြှင့်ခဲ့သည်။


 
▪️ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ နှင့် ဦးရန်ကျော်တို့က ၂၀၂၄ ခုနှစ် ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အင်္ဂလိပ်ဘာသာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ကဗျာပြိုင်ပွဲတွင် မြန်မာ ဘာသာ၊ အင်္ဂလိပ်ဘာဖြင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

 

▪️ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်ပြခန်းများ ၊ကြက်ခြေနီပစ္စည်းအရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ခြင်းခြင်းပစ္စည်းများ ပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုကြကြောင်း သိရသည်။

 

#tthl #Yangon_Times