#Local-News
Published 14 March 2024


၁၃၈၅ ခုနှစ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည့်အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ ထားရှိကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၃ရက်နံနက် ၉ နာရီခွဲက မြို့တော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပပြုလုပ်ရာ ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် မှ အမှာစကားပြောကြားရာတွင် “ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကိုဖော်ဆောင်နိုင်ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့်လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း” ပြောကြားသည်။

 

ယခုနှစ်ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local-News #မဟာသင်္ကြန်ရေသဘင်ပွဲတော် #ရန်ကုန်မြို့တော်ခန်းမ #ပြည်သူ့ရင်ပြင်တွင်လည်းရေကစားမဏ္ဍပ်
#YMG/LW #Yangon_Times