#Local_News
Published 14 March 2024

အမှတ်တံဆိပ်ပါရှိသည့် စားသုံးဆီများနှင့်ဘူးသွင်းသောက်ရေသန့်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDAထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့မှ သိရသည်။

 

မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့သည် အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(ခ)အရအပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

အမိန့်ကြေညာစာအမှတ် ၅၂၄/၂၀၂၁ အရထိန်းချုပ်အစားအသောက်ဖြစ်သည့် အမှတ်တံဆိပ်ပါစားသုံးဆီဖြစ်‌စေ၊ အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့် ဖြစ်စေ ထုတ်လုပ်သူသည် ဤအမိန့်ထွက်ရှိသည့်နေ့မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက် လျှောက်ထားရယူပြီးမှသာသက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့ လိုင်စင်လျောက်ထားခြင်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းထံမှ လိုင်စင် ရရှိထားသော်လည်း အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်မရရှိထားပါက ဧပြီ၁ရက်နေ့ထက်နောက်မကျဘဲ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်လျှောက်ထားရယူရမည်ဖြစ်ကြောင်းသိရသည်။

 

ယင်းထောက်ခံချက်ကိုလိုင်စင်ထုတ်ပေးသည့်သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းသို့တင်ပြခြင်း ၊လိုင်စင်သက်တမ်းတိုးခြင်းနှင့်လိုင်စင်အသစ်ပြုလုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ယင်းသက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အဖွဲ့အစည်း၏ညွှန်ကြားချက်နှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ဘူးသွင်းသောက်ရေသန့် #FDAထောက်ခံချက်ရယူပြီး #YMG/ NN #Yangon-Times