၉ မတ် ၂၀၂၄
အမျိုးသမီးဦးရေ ၁၀၀နှင့်အထက်မှာရှိသည့် စက်ရုံ အလုပ်ရုံများတွင် ကလေးထိန်းဌာနများ ထားရှိကြဖို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားမှာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဗွီဒီယိုဖြင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ အမျိုးသမီးများလုပ်ငန်းခွင်မှာ နောက်ဆံမတင်းဘဲ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးဦးရေ ၁၀၀ နဲ့အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ကလေးထိန်းဌာနများထားရှိဖို့ လူမှုဖူလုံရေးဥပဒေမှာ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးမှု သင်တန်း များနဲ့ နည်းပညာမြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသားများခေါ်ယူရာမှာ သတ်မှတ်အရည်အချင်း များနှင့် ကိုက်ညီပါက ကျားမခွဲခြားမှုမရှိဘဲ တန်းတူညီမျှစွာ အခွင့်အရေးပေးထားတဲ့အတွက် အမျိုးသမီးများ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးကြဖို့ကိုလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ပါတယ်။
တရားဝင်အချက်အလက်များအရ အမျိုးသမီးများရဲ့ အခန်းကဏ္ဍများစွာ မြှင့်တင်ပေးဖို့လိုနေတယ်ဆိုတာ မီးမောင်းထိုးပြ နေတယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
“အမျိုးသမီးများရဲ့ စွမ်းပကားကို အခြေပြုပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာများမှာ စွမ်းစွမ်းတမံ ပါဝင်ခွင့်ရရှိစေဖို့ ဆောင်ရွက်ပေးကြရပါမယ်” လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ထုတ်ပြန်လိုက်တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၁)ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံရဲ့လူဦးရေ ၅၆ ဒသမ ၂ သန်းမှာ အမျိုးသား ၂၆ ဒသမ ၈ သန်းနဲ့ အမျိုးသမီး ၂၉ ဒသမ ၄ သန်း ရှိတဲ့အတွက် ၅၂ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြကြောင်းသိရှိရပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာအရ ၂၅ နှစ် အထက် ပညာတတ်မြောက်မှုမှာ အလယ်တန်းအဆင့်ထိ ပြည်ထောင်စု ၇၂.၅ ရာခိုင်နှုန်းရှိရာမှာ အမျိုးသမီးက ၇၃.၆ ရာခိုင်နှုန်း၊ အမျိုးသား ၇၂.၄ ရာခိုင်နှုန်းရှိနေပါတယ်။
လုပ်သားအင်အားပါဝင်မှုမှာ ပြည်ထောင်စုက ၆၃.၂ ရာခိုင်နှုန်း ရှိရာမှာ ကျား ၇၅.၇ ရာခိုင်နှုန်း၊ မ ၅၂.၇ ရာခိုင်နှုန်း၊ အလုပ်လက်မဲ့ ပြည်ထောင်စု ၂.၇ ရာခိုင်နှုန်းရှိရာမှာ ကျား ၂.၁ ရာခိုင်နှုန်း၊ မ ၃.၄ ရာခိုင်နှုန်း၊ လူဦးရေတွင် အလုပ်လုပ်သူပါဝင်မှု အချိုး ၆၁.၅ ရာခိုင်နှုန်း၊ ကျား ၇၄.၁ ရာခိုင်နှုန်း၊ မ ၅၀.၉ ရာခိုင်နှုန်း အသီးသီးရှိကြကြောင်းသိရှိရပါတယ်။
@ymg/knl
#Local_News
#Published_ 9 March 2024
#YMG_News #Yangon_Times #Yangon_Media_Group