Published-7 March 2024

ရန်ကုန်မြို့ ၌ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်  ဆေးရုံစာဖြေဌာန (၄)ခု ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ဆေးရုံတတ်ရောက် ကုသနေရသည့် ကျောင်းသားကျောင်းသူများအတွက်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဆေးရုံများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် စာစစ်ဌာနဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကျောင်းသာကျောင်းသူများအနေဖြင့်ဆေးလူမှုဆက်ဆံရေးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ (၁၁) ရက်တွင် မြန်မာစာ၊ မတ်လ (၁၂) ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃)ရက်တွင် သင်္ချာ၊ မတ်လ (၁၄)ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို (၆) ဘာသာလုံးနားရက်မရှိဆက်တိုက် ဖြေဆိုရမည်ဖြစ်ပြီး မတ်လ(၁၇ ) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေး သိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည် ဖြစ်သည်။

တိုင်းဒေသကြီး၊ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် ၎င်းတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များကို ဖေဖော်ဝါရီလ (၂၇ ) ရက်မှစတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေကလည်း အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သောဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း  ပြောကြားထား‌ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group