Published_ 10 February 2024

ယာဉ်အန္တရာယ်ကင်းရှင်းအောင် လမ်းညွှန်း (၂၁၀၅၇)ခု၊လမ်းအမှတ်အသားနှင့်အချက်ပြအမှတ်အသားများကိုပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ကြီးကြပ်ရေးအဖွဲ့များအလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း ၃၇၁၇ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း ၂၁၀၅၇ ခု၊ အလျားလိုက်မျဉ်း အမှတ် အသား ၁၂၂၄ မိုင် ၃ ဒသမ ၄ ဖာလုံ ၄၄၄ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၁၁၉၅ ခု၊ အခြားလမ်းအမှတ် အသား ၁၁၁၆၁ ခုနှင့် အချက်ပြ ၁၁၁၈ ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့သည်ကို စိစစ်တွေ့ရှိရသည်ဟုနည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေးဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်ကလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး တစ်နှစ်ကျော်ကာလအတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခု၌ မြေပြင်ကွင်းဆင်းစစ်ဆေးမှု (၁၆) ကြိမ်ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ ၆၀ ၌ Road Safety Audit ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်တွင် အများစု လွဲမှားလေ့ရှိသည့်အချက် ၁၉ ချက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်ရမည့် အနိမ့်ဆုံးအခြေခံသတ်မှတ်ချက်များအဖြစ် ဖော်ထုတ်ဖြန့်ဝေထားပြီးဖြစ်ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့်

အသစ်ဆောင်ရွက်မှုအနေဖြင့် လမ်းညွှန်း ၂၃၄၆၂ ခု၊ အလျားလိုက်မျဉ်း အမှတ်အသား ၁၁၉၃ မိုင် သုည ဒသမ ၁၅ ဖာလုံ ၁၄၃ ပေ၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား ၂၀၆၉ ခု၊ အခြားလမ်းအမှတ်အသား ၈၆၅၀ နှင့် အချက်ပြ ၁၉၀ ထပ်မံဆောင်ရွက်နိုင်ခဲ့ပြီး အသစ်ဆောင်ရွက်ရန်လိုအပ်မှု၏ ၅၁ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပြောကြားခဲ့သည်။ 

အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရန်ကုန်- မန္တလေးအဝေးပြေးလမ်း (လမ်းဟောင်း) တစ်လျှောက် လမ်းလယ်မျဉ်းအမှတ်အသားများ တစ်ပြေးညီပြည့်စုံမှန်ကန်စွာ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group