#Local_News
Published_ 28 December 2023


ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒီဇင်ဘာ ၂၇ ရက်တွင် တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမျှော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမျှော်နိုင်ရေး ဆောင်ရွက်ထားမှုများကို စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတား၌ ခရီးသွားဧည့်သည်များ အဆင်ပြေလွယ်ကူချောမွေ့စွာ ဝင်/ထွက်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများ အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုပြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးခွဲ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရေး ကြိုးစားကြဖို့ မှာကြားခဲ့ပါတယ်။

 

အလားတူ တာချီလိတ်မြို့ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့သွားရောက်၍ ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ထို့နောက် မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကျောင်းသို့သွားရောက်၍ ခရီးသွားဧည့်သည်များ လာရောက်ဖူးမြော်ပြီး ဘုရားဖူးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးနှင့် တာချီလိတ်မြို့ရှိ ရွှေတြိဂံပါရာဒိုက်စ်ဟိုတယ်၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး မှာကြားခဲ့ပြီး မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကာ မြစ်တွင်းအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်မှုကို ကြည့်ရှုခဲ့ပါတယ်။

 

ထို့နောက်ဝန်ကြီးသည် တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်းဟိုတယ်၌ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဒေသခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာရှိတယ်လို့ ဆိုပါတယ်။

 

ထို့ပြင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ခရီးသွားပိုမိုဝင်ရောက်ရေးအတွက် ဈေးကွက်ရှာဖွေရေးကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ကြရမည်ဖြစ်ပြီး ခရီးသွားများကို ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ဒေသထုတ်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်တွင် ဝန်ကြီးဒေါက်တာသက်သက်ခိုင်သည် တာဝန်ရှိသူ များနှင့်အတူ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားသို့ သွားရောက်၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသများ၌ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များနှင့် နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဖော်ဆောင်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #ကျိုင်းတုံမြို့ #ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း #ymg_mnn #Yangon_Media_Group