#Local_News
Published_28 Dec 2023


၂ဝ၂၄ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင်ထုတ်လုပ်သည့်ခုနှစ်ကို သတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်ချက်တွင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အဆိုပါ အမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာတွင် လူစီး မော်တော်ယာဉ်များကို (၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ)လည်းကောင်း၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်-ခရီးသည်တင်ယာဉ်) ကို (၂၀၂၀ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ) လည်းကောင်း၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များကို (၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ) လည်းကောင်း၊ ယန္တရားများ (၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ) စသည့် မော်ဒယ် များ အဖြစ် လည်းကောင်း သတ်မှတ်ကာ တင်သွင်းသည့် မော်တော်ယာဉ်အားလုံး လက်ဝဲစ တီယာရင် ယာဉ်များဖြစ်ရန်လိုကြောင်း သိရသည်။

 

အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားများကို လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် ( ၂၀၁၀ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းမှာလုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်ကို ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပြီး မော်တော်ယာဉ် တင်သွင်းမှုနှင့် ပတ်သက်၍ လက်ရှိချမှတ် ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်း မပြုဘဲ ဆက်လက်ကျင့်သုံး လျက်ရှိကြောင်း သိရသည်။

 

#Local_News #ပြည်ပမှမော်တော်ယာဉ်တင်သွင်းရန် #Yangon_Times/PP