Published-18 December 2023

တောင်ကိုရီးယားနိုင်ငံသို့သွားရောက်လုပ်ကိုင်မည့် လုပ်သားများ တားမြစ်ကုန်စည်များကို မသယ်ဆောင်ရန် ထပ်မံအသိပေးထားသော်လည်း သယ်ဆောင်နေသဖြင့် အကြိမ်ကြိမ်သတိပေးနေရကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှသိရသည်။

ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်တွင် မြန်မာလုပ်သားများမှာ တားမြစ်ကုန်စည်များကို သယ်ဆောင်လာသဖြင့် သိမ်းဆည်းခံရခြင်း၊ ဒဏ်ငွေရိုက်ခံရခြင်းများ မကြာခဏရှိနေကြောင်း၊ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့် EPS လုပ်သားများအား အင်ချွန်းလေဆိပ်၏ တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ အကြိမ်ကြိမ် အသိပေးသော်လည်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်သည့် re-entry လုပ်သားအချို့သည် အင်ချွန်းလေဆိပ်အဝင် တားမြစ်ပစ္စည်းများသယ်ဆောင်ကြောင်းတွေ့ရှိသဖြင့် လေဆိပ်၌ပစ္စည်းများ သိမ်းဆည်းခံရခြင်းနှင့် ဒဏ်ငွေပေးဆောင်ရခြင်းတို့ရှိခဲ့ကြောင်းသိရသည်။

မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရေးနှင့် ကိုရီးယားသမ္မတနိုင်ငံသို့ဝင်ရောက်မည့် လုပ်သားများအဆင်ပြေ ချောမွေ့စွာဝင်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီသောအားဖြင့် လေဆိပ်တားမြစ်ပစ္စည်းများ သယ်ဆောင်ခြင်းမပြုကြရန် ထပ်မံ အသိပေးခဲ့ကြောင်းသိရသည်။

တောင်ကိုရီးယားနိုင်ငံသို့ သယ်ဆောင်ခြင်းမပြုရန် သတ်မှတ်ထားသည့် တားမြစ်ကုန်စည်များမှာ သစ်သီးနှင့် အခြောက်ခံထားသည့် အသီးအနှံများ၊ အစေ့၊ အပင်ပေါက်၊ သစ်သားဖြင့် ထုပ်ပိုးထားသည့် ပစ္စည်းများ (ဥပမာ သရက်သီး၊ သံပုရာသီး၊ ဒညင်းသီး)၊ တိရိစ္ဆာန်မှထုတ်လုပ်ထားသည့်ပစ္စည်းများ(ဥပမာ အသားစည်သွပ်ဘူး၊ ငါးခြောက် ဝက်အူချောင်း)တို့ဖြစ်ပြီး ၄င်းပစ္စည်းများကို သယ်ဆောင်လာခြင်းတွေ့ရှိပါက ဒဏ်ငွေ ဝမ် ၃ သန်းမှ ၅ သန်း အထိ ပေးဆောင်ရပြီ ပြည်ဝင်ခွင့် ပိတ်သည်အထိ အရေးယူခံရကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group