#Local_News
Published-8 November 2023

ရခိုင်ပြည်နယ်ရှိ အခြားသောဆိပ်ကမ်းများထက် ကုန်ကျစရိတ်များပြား‌နေခြင်းအပြင် ကယ်ဆယ်ရေးသင်္ဘောများအား ဦးစားပေးဆိုက်ကပ်နေသောကြောင့် စစ်တွေဆိပ်ကမ်းသစ်၌ သင်္ဘောဝင်ရောက်မှု နည်းပါးနေကြောင်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွားသင်္ဘောများအသင်းမှ သိရသည်။

 

ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ 'အိန္ဒိယ-မြန်မာချစ်ကြည်ရေး ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်း'စစ်တွေဆိပ်ကမ်းအသစ်၌ ပြည်တွင်းကမ်းရိုးတမ်းသင်္ဘောများ စတင်ဆိုက်ကပ်နိုင်ပြီဖြစ်ကြောင်း စက်တင်ဘာလ ဒုတိယအပတ်အတွင်းက စတင်ကြေညာခဲ့သော်လည်း လက်ရှိအချိန်အထိ ကမ်းရိုးတန်း သင်္ဘောသုံးစီးသာဆိုက်ကပ်နိုင်သေးကြောင်း သိရသည်။

 

'ကပ်တာနည်းသေးတယ်ဆိုတာက စရိတ်တခြားဆိပ်ကမ်းတွေထက်များတာနဲ့ နောက်ကယ်ဆယ်ရေးသင်္ဘောတွေ ဦးစားပေးနေရတာကြောင့်ပါ၊ စရိတ်ကွာတယ်ဆိုပေမယ့် တခြားဆိပ်ကမ်းတွေ ထက်ဝန်ဆောင်မှု ပိုကောင်းပါတယ်၊ ဒါတွေကိုသင်္ဘော၊ ကုန်သည်ရော၊ ဆိပ်ကမ်းနဲ့ရော ညှိနှိုင်းပေးနေပါတယ်'ဟု ရခိုင်ပြည်နယ် ကမ်းရိုးတန်းသွား သင်္ဘောများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လတ်တလောတွင် စစ်တွေဆိပ်ကမ်းသစ်၏ ကုန်ကျစရိတ်မှာအခြားသော ဆိပ်ကမ်းများထက် ၄၀ ရာခိုင်နှုန်းခန်အထိ ပိုမိုများပြားနေပြီး ကုန်တင်ကုန်ချနိုင်မှုနှုန်းထားမှာမူ ယခင်ကထက်ထက်ဝက်ခန့်အထိ ပိုမိုမြန်ဆန်ကြောင်းသိရသည်။

 

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယနှင့် မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါစီမံကိန်းကို အိန္ဒိယနိုင်ငံက ဒေါ်လာ ၄၈၄ သန်း ရင်းနှီးမြှုပ်နှံထားပြီး၂၀၁၀ ပြည့်နှစ်စက်တင်ဘာတွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #ကယ်ဆယ်ရေးသင်္ဘော #သင်္ဘောဝင်ရောက်မှု နည်းပါး #YMG/NN #Yangon_Times