Published-1 November 2023

ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးကထုတ်ပြန်ထားသည်။

မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၁၅) ခုနှင့် ပတ်သက်သည့် အချက်အလက်များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။

အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၃၀၀)ကျော်က မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး (၅၀၀)ကျော်၊ စုစုပေါင်း ဦးရေ (၉၀၀)ခန့် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာလ (၃)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၄၃) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#Yangon_Times/PP
#Local_News
#Published_ 01 November 2023
#YMG #Yangon_Times #Yangon_Media_Group