#Local_News
Published-29 October  2023


ကိုရီးယားဘာသာအရည်အချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-TOPIK)ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့်နိုဝင်ဘာလမှစတင်၍အလုပ်လျှောက်လွှာများတင်သွင်းနိုင်ပြီဖြစ်ကြောင်းအစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA–EPSထုတ်ပြန်ချက်အရ သိရသည်။ 


အဆိုပါ (Special EPS-TOPIK) အောင်မြင်ပြီး ကျန်းမာရေး စစ်ဆေးမှု အောင်မြင်သူများကို ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီတွင်အလုပ်အကိုင်ကိစ္စနှင့်ပတ်သက်၍နိုဝင်ဘာလ၌စတင်လုပ်ဆောင်ပေးမည်ဖြစ်ရာအလုပ်လျှောက်လွှာကိုအချိန်မီတင်သွင်းနိုင်ရန်နှင့်ကျန်းမာရေးအထူးဂရုပြုကြရန်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ  က ကြိုတင်အသိပေးထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ကိုရီးယားဘာသာအရည်ချင်းစစ်အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) ကို အောက်တိုဘာ(၄)ရက်မှ အောက်တိုဘာ(၂၀)ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁,၆၉၇ ဦး ရှိသည့်အနက် ၁,၄၉၅ဦးစာမေးပွဲအောင်မြင်ခဲ့ကြောင်း သိရသည်။

 

ကိုရီးယားဘာသာ အရည်ချင်းစစ် အထူးသီးသန့်စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံတွင် (၃) နှစ်နှင့် အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် အလုပ်သမားဟောင်းများအတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးအထိရှိကြောင်းလည်း အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားစေလွှတ်မှု စာရင်းများအရ သိရသည်။

 

#Local_News #စာမေးပွဲအောင်မြင်ပြီးသူ #ကိုရီးယားဘာသာ #YMG/LW #Yangon_Times