၂၉ အောက်တိုဘာ၊၂၀၂၃

မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀ ဦးဟာ  စနေနေ့(အောက်တိုဘာ ၂၈)ရက်က ထိုင်းနိုင်ငံ ဟတ်ယိုင်ခရိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။  သူတို့ဟာ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်ကြပါတယ်။

သူတို့ဟာ နိုင်ငံကူးလက်မှတ်မှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ရဲ့ လူဝင်မှု   ကြီးကြပ်ရေး အဝင်တံဆိပ်    တုံးတွေကို အတုထုပြီး တရားမဝင် ရောက်ရှိလာခဲ့လို့ သူတို့ကို ဖမ်းဆီးခဲ့တာ  ဖြစ်တယ်လို့ ဘန်ကောက် ပို့စ်သတင်းမှာရေးသားထားပါတယ်။

စနေနေ့ မွန်းလွဲတစ်နာရီခွဲခန့်မှာ ဟတ်ယိုင်မြို့ ချိုတီဝစ်သရာကူ (၁)လမ်းမှာ သူတို့အုပ်စုလိုက် ထိုင်နေကြတာကို ကင်းလှည့်လာတဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေကတွေ့ရှိပြီး မေးမြန်းစစ်ဆေးခံခဲ့ကြရ တာဖြစ်ပါတယ်။

အရာရှိတွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို စစ်ဆေးကြည့်တဲ့အခါ သုဝဏ္ဏဘူမိလေဆိပ်အဝင်တုံး   အတုတွေထုထားတာတွေ့ရှိခဲ့ကြရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဆက်လက်စစ်ဆေးကြည့်တဲ့အခါ သူတို့ဟာ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ အလုပ်ပွဲစားထံ တစ်ဦးလျှင် ဘတ်ငွေ ၁၂၀,၀၀၀ ပေးခဲ့ကြရတယ်လို့သိရပါတယ်။

ပွဲစားတွေက သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုယူုပြီး ထိုင်းနိုင်ငံအဝင်တုံးတွေထုပေးခဲ့တာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

လမ်းပြတစ်ဦးလိုက်ပါပြီး သူတို့ဟာ ကန်ချနာပူရီက သဘာဝအရတည်ရှိနေတဲ့ နယ်စပ်ကိုဖြတ်ကျော်က ထိုင်းနိုင်ငံထဲဝင်ရောက်ခဲ့ကြပြီး သူတို့ဟာ ဘန်ကောက်ကိုဆက်သွားခဲ့ကြကာ အဲဒီက အပန်းဖြေစခန်း တစ်ခုမှာ နေခဲ့ကြပါတယ်။

သောကြာနေ့မွန်းလွဲပိုင်းမှာတော့ သူတို့ဟာ ဆွန်ခလာ၊ဟတ်ယိုင်ကိုသွားဖို့ ဘတ်စ်ကားစီးခဲ့ကြပါတယ်။ အဲဒီမှာ သူတို့ဟာမလေးရှားနယ်စပ်သွားဖို့ စောင့်ဆိုင်းနေတုန်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေးရုံးကိုခေါ်ဆောင်သွားပြီး တရားမဝင် ဝင်ရောက်မှု၊ အတုပြုလုပ်မှုနှင့် အဝင်တံဆိပ်တုံးအတုအသုံးပြုမှုတွေနှင့် အမှုဖွင့်ထိန်းသိမ်းထားပါတယ်။

Source; bangkokpost