Published-19 October 2023

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက် မှုများနှင့် ငွေလက်ငင်း အကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး အနက် (၂) မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရေး  မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီးဆောင်ရွက်နေကာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူပြုလျက်ရှိသည်။

အကျုံးဝင် အာမခံအလုပ်သမားများအတွက်  ကျန်းမာရေးစောင့်ရှောက်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍  စာချုပ် ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၂၅ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း ၁၈ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ၁၂ ခန်း၊ Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးတွင်   အကျုံးဝင် အာမခံအလုပ်သမား ၁၁၅၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်း ကိုးခန်း၊ စာချုပ်ဆေးခန်း လေးခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ  အာမခံအလုပ်သမား  လူနာ ၅၃၈၆၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လူနာ ၉၁၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁၃၁၃ ဒသမ ၀၇၈ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 19 October 2023
#YMG #Yangon_Times #Yangon_Media_Group