Published_ 20 September 2023
နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ်တွင် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည် မြင့်မားရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ယခင်က အောင်မြင်ခဲ့သော “အ”သုံးလုံးသင်တန်းများ သင်ကြားပေးရန် လုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မြန်မာနိုင်ငံသည် အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီခေတ် ကျွန်သဘောက် ကျရောက် ချိန်က နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၆၆ဒသမ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်း ခေါင်စာရင်းအရ ၇၆ဒသမ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ဒသမ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ ၈၉ဒသမ၁ ရာခိုင်နှုန်း အသီးသီးစာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန်ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင်စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်းခန့်ရှိပြီး၊ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူပေါင်း ၃ဒသမ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထား ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံအတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ်သူပေါင်းသည် ၄ဒသမ၁ သန်းခန့်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် အမျိုးသမီး စာမတတ် မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်း ကို တွေ့ ရှိရကြောင်းလည်း သိရသည်။
ယင်းသို့ လုပ်ဆောင်ရခြင်းမှာ ယခု ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဆောင် ပုဒ် ဖြစ်သည့် “တည်ငြိမ် အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့် တင်စို့” ဆောင်ပုဒ်အတိုင်း ဖြစ်ပြီးဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် နေချိန်တွင် ယင်းစနစ်ကို အကောင်အထည်ဖော်မည့် ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့်ပုဂ္ဂိုလ် များအနေဖြင့် စာတတ်မြောက်ရန်နှင့် အတန်းပညာ တတ်မြောက်နေရန်လိုအပ်သကဲ့သို့ ဒေသခံတိုင်းရင်းသားများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့် အတွက် စာတတ်မြောက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိ နိုင်ငံအတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှု များသည် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျေးလက်ဒေသနေ ပြည်သူများ နှင့် တိုင်းရင်း သားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်အမှာစကား ပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စာတတ်မြောက်ရေးကို ၁၉၆၄ ခုနှစ်တွင် စတင် ဆောင်ရွက် ခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်တွင် “အ” သုံးလုံး ဖခင်ကြီးဖြစ်သော ပညာရေး အထူးအရာရှိ (ဆရာ အတတ်သင်) “ဆရာကြီး ဦးသံဗျင်”က ပညာရေးဝန်ကြီးဌာနသို့ စာမတတ်သူပပျောက်ရေး “အ”သုံးလုံးစီမံ ကိန်းကြီးကို ဆောင်ရွက်ခွင့် တောင်းခံခြင်းမှ စတင်ခဲ့သည်ဟု လေ့လာသိရှိရကြောင်း နစက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ် အရှေ့သဖန်း စံပြကျေးရွာ၌ “အ”သုံးလုံးကျေ သင်တန်းကို မူလတန်းဆရာဖြစ် သင်တန်းမှဆရာ သုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ ဆရာတစ် ဦးတို့က ပထမဆုံး စမ်းသပ် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ “အ” သုံးလုံး သင်တန်းသား ၂၀၀ ဦးခန့် တက်ရောက် သင်ကြားခဲ့ကြောင်း၊ တစ်လကုန်၍ စစ်ဆေးပြီးသောအခါ သင်တန်းသား ၁၀၀ ခန့် စာတတ် မြောက်ခဲ့ကြောင်း ကိုတွေ့ ရှိရကြောင်းလည်း သိရသည်။
ယင်းသင်တန်းတွင် တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်များမှ ဆရာ၊ ဆရာမများက တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများက စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည့်အပြင် ရပ်ရွာအတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်သူများ၊ သင်ယူဖူး သူများ နှင့် ဘွဲ့ကြိုဘွဲ့ရ စေတနာလုပ်အားပေးများကလည်း အဆိုပါ လှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း “အ”သုံးလုံးသင်တန်း မှတ်တမ်းများတွင် ဖော်ပြချက်အရ သိရသည်။
၁၉၇၁ ခုနှစ်တွင် မိထ္ထီလာ ခရိုင်လုံးကျွတ်စာတတ်မြောက်ရေး အောင်ပွဲကို ကျင်းပနိုင်ခဲ့ပြီး နယ်မြေခံလူထု ရှစ်သောင်းကျော်နှင့်အတူ တစ်နိုင်ငံလုံးမှ သတင်းစာဆရာများ၊ စုံစုံလင်လင်တက်ရောက်ကျင်းပနိုင်ခဲ့ရာ အဆိုပါလူထု လှုပ်ရှား မှုဖြင့် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ချက်ကိုလည်း ယူနက်စကိုက အသိအမှတ် ပြု ဂုဏ်ပြုသည့်အနေဖြင့် “မိုဟာမက်ရေဇာပါလာဗီဆု”ကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ရက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့တွင် မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း။
ထို့အပြင် ၁၉၈၄ ခုနှစ်တွင် ဆရာကြီး ဦးသောင်းထွန်း က ဂျာမနီနိုင်ငံ အနောက် ဘာလင်တွင် ကျင်းပခဲ့သည့် စာတတ်မြောက်ရေးညီလာခံတွင် Burmese Way to Literacy စာတမ်း တင်သွင်းခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ် မြောက်ရေးအတွက် ဘတ်ဂျတ်မလို စေတနာဝန်ထမ်း လူထုလှုပ်ရှားမှာကိ ကမ္ဘာသိ ဖြန့်ဝေနိုင်ခြင်း၊ နိုင်ငံတကာ စာတတ်မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့်ဝေ နိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင်းခြင်း ခံခဲ့ရသည့် အထိ ကမ္ဘာသိ လှုပ်ရှားမှုအဖြစ် အောင်မြင်မှုရရှိခဲ့ကြောင်းလည်း သိရသည်။
ထိုစဉ်က မြန်မာ တစ်နိုင်ငံလုံး ၃၀၈ မြို့နယ်ရှိသည့်အနက်မှ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ကောင်းများရရှိပြီး သန်းနှင့်ချီသော ပြည်သူများ စာတတ်မြောက်လာခဲ့သည့်အထိ အောင်မြင်မှုရရှိခဲ့ ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာ စာတတ် မြောက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်သည့် ၁၉၆၆ ခုနှစ်ထက် နှစ်နှစ်စောပြီး စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times #Yangon_Media_Group