Published_ 18 September 2023

စားသောက်ဆိုင်မှညှော်နံ့ထွက်သဖြင့်တိုင်ကြားရာ စည်ပင်နှင့်ပူးပေါင်းပြီးညှော်နံ့စုပ်စက်တပ်ခိုင်းပြီးဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းစားသုံးသူရေးရာဦးစီးဌာနမှသိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နေထိုင်သူတစ်ဦးမှ နေအိမ်အနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ၏ ကျန်းမာရေးဆိုးဝါးစွာ ထိခိုက်လျက်ရှိသည့်အတွက်ဖြေရှင်းဆောင်ရွက်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ဆက်သွယ်တိုင်ကြားခဲ့‌ကြောင်းသိရသည်။

 

တိုင်ကြားမှုနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများက တိုင်ကြားမှုသည် စားသုံးသူနစ်နာမှုမဟုတ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့၊ မုံရွာမြို့သို့ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားခဲ့သည်။ 

မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ခန်းသည် လူနေအိမ်များနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ဆိုင်ခန်းအတွင်းရှိ မီးဖိုခန်းတွင် အစားအသောက်များ ချက်ပြုတ်ရာမှထွက်ရှိသောအနံ့ဆိုးများ၊ ညှော်နံ့များအားစနစ်တကျထုတ်လွှင့်ရန် မီးခိုးခေါင်းတိုင်များ ညှော်စုပ်ဆက်များ တပ်ဆင်ထားမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းဆိုင်မှထွက်ရှိသည့် အနံ့ဆိုးများ၊ ညှော်နံ့များကြောင့် ပတ်ဝန်းကျင်နေထိုင်သူများ ကျန်းမာရေးထိခိုက်မှုမရှိစေရန်အတွက် မီးခိုးခေါင်းတိုင်နှင့် ညှော်စုပ်စက်အား  ဩဂုတ် ၁၅ရက်အပြီး တပ်ဆင်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုမရှိပါက စည်ပင်သာယာရေး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့သည်ဟုဆိုသည်။

ဩဂုတ်၁၆ရက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တိုင်ကြားခံရသည့် စားသောက်ဆိုင်အား ကွင်းဆင်းစစ်ဆေးရာ ဝန်ခံကတိပြုထားသည့်အတိုင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း ဓါတ်ပုံမှတ်တမ်းများနှင့်တကွ ပေးပို့အကြောင်းကြားလာမှုအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်ရှင်းလင်းပြောကြားခဲ့ရာ ကျေနပ်မှုရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
#Yangon_Times/tthl
#Local_News
#Published_ 18 September 2023
#YMG #Yangon_Times #Yangon_Media_Group