Published_ 29 July 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာ အခမ်းအနား များကို ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သာသနာ့ဗိမာန်တော် မော်ကွန်း ကမ္ပည်းကြေးပြားတော်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပြီး ပရိတ်နံ့သာရည်များ ပက် ဖျန်းပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နောင်တော်ကြီးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဥဏ္ဏလုံမွေးရှင်တော် မြတ် စီသွင်းပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။

အလားတူ မုစလိန္ဒ နဂါးရုံဘုရားကျောင်းဆောင်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်၊ မာရဝိဇယကျောင်းဆောင် တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အားဥဏ္ဏလုံမွေးရှင်တော်မြတ် စီသွင်း ပူဇော်ကာ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပရိတ်နံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောက်စာရုံစေတီတော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်ရိုက်နှိပ် ပူဇော် ထားသည့် ကျောက်စာချပ်များကို တည်ထားပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်း ပူဇော်ခဲ့ကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#YMG #Yangon_Times