#Local_News
Published-20 July 2023
ရန်ကုန်တိုင်းတွင် ဇူလိုင်လပထမတစ်ပတ်ကြာကာလတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် ထပ်မံသေဆုံးသူ ၁ဦးနှင့် ရောဂါဖြစ်ပွားသူ ၂၀၀ ကျော်ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။
လက်ရှိကာလတွင် တောင်ဒဂုံနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေပြီး ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆၀၄ဦးရှိပြီး သေဆုံးသူ ၄ဦးရှိလာကြောင်း ရန်ကုန်တိုင်းကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်ထားဌေးလွင်က ပြောကြားထားသည်။
"ယခုနှစ်ဇွန်လအထိ သေဆုံးသူ ၃ ဦးနဲ့ ရောဂါဖြစ်ပွားသူ ၄၈၃ ဦးရှိခဲ့တယ်။ ယခုနှစ် ဇူလိုင်လမှာ ထပ်မံသေဆုံးသူနဲ့ထပ်ဖြစ်တာတွေရှိတာကြောင့်ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါနဲ့သေဆုံးသူစုစုပေါင်း ၄ဦး ရှိလာသလို ရောဂါဖြစ်ပွားသူအရေအတွက် ကလည်း ၆၀၄ဦးအထိ မြင့်တက်လာတယ်"ဟု ယင်းက ဆိုသည်။
ပြီးခဲ့သည့်နှစ်နှင့် ယှဥ်လျှင် ယခုနှစ်သေဆုံးနှုန်းနှင့် ဖြစ်ပွားနှုန်း လျော့ကျလာပြီး ပြီးခဲ့တဲ့နှစ်က ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးသည် ကပ်အသွင်ဖြင့်လူဦးရေ ၄၀၀၀ကျော် ရောဂါဖြစ်ပွားမှုတွေ ရှိခဲ့ကြောင်းလည်း ပြောကြားထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက်၅နှစ်ကနေ ၉နှစ်အရွယ်ကလေးတွေမှာ အများဆုံးဖြစ်ပွားသလို အသက်၁၅ နှစ်အထက်လူကြီးများတွင်လည်း ရောဂါဖြစ်ပွားလျှင်သေဆုံးနှုန်းမြင့်မားတတ်ကြောင်းလည်း သိရသည်။
#Yangon_Times/BM #Local_News
#သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀ကျော်နှင့်သေဆုံးသူထပ်မံရှိလာခဲ့