#Local_News
Published_20 July 2023


ရန်ကုန်-မန္တလေး ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံထားရသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀-၂၁) အရောက်တွင် ရပ်တန့်ခဲ့ရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

 

ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်း၊ လူစီးကုန်တင်ရထား (၂)စင်းနှင့် ကုန်ရထား(၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်မှ ဇူလိုင်လ ၁၈ ရက်ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ်(၃)အဆန် လူစီး အမြန်ရထားသည် ည ၉ နာရီ ၁၈ မိနစ်ခန့်အချိန် ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထားလမ်းဇလီဖားတုံးများ ထောင်လျက်ဖြစ်နေ ကြောင်း မြင်တွေ့ရသဖြင့် ရထားကို အချိန်မီရပ်တန့်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ခရီးသည်များ၏ လုံခြုံရေးအရ ရထားကို ပြန်လည်နောက်ဆုတ်ခဲ့ရာ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက် တံခါးဘူတာသို့ ရောက်ရှိပြီး လမ်းပိုင်းကို ည ၁၁ နာရီ ၅၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့ရကြောင်း အဆို ပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ရထားလမ်း တံတားကို မိုင်းထောင်ဖျက်စီးထားမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပေ(၆၀) ကွန်ကရစ်တံတားအမှတ် ၁၆၁ ပေါ်ရှိ အဆန် လမ်း သံလမ်း(၂) ဖက်သည် အရှည်(၁၁)မီတာခန့်နှင့် အစုန်လမ်းပေါ်ရှိ အရှည်(၅၀)မီတာခန့် သံလမ်းများ ကွေးကောက်ပျက်စီးနေခြင်း၊ ကွန်ကရစ် ဇလီဖားတုံးများပျက်စီးခြင်း၊ တံတား၏ ကွန်ကရစ်ကြမ်းခင်း အလျား(၄)ပေ၊ အနံ(၄)ပေခန့် ပျက်စီးနေသဖြင့် ညတွင်းချင်း ပြန်လည်ပြုပြင်ခဲ့ကာ ယနေ့ ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ မိုင်းဖြစ်စဉ်ကြောင့် ခရီးသည် စုစုပေါင်း(၁၅၀၀)ဦးခန့်တို့သည် လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှစ၍ လက်ရှိအချိန်ထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခု လုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း(၁၁၂)ကြိမ်၊ ရထား တံတားများ မိုင်းခွဲခံရမှု(၄၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များမီးရှို့ဖျက်ဆီးခံရမှု(၁၂)ကြိမ် ရှိကြောင်း သိရသည်။

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့ စေရေး အတွက် ရည်ရွယ်၍ အမြန်လူစီးရထား (၁၈)စင်း၊ စာပို့ရထား (၁၄)စင်း၊ လူစီးကုန်တင်ရထား (၈)စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅)စင်း၊ စုစုပေါင်း လူစီး ရထား (၇၇)စင်းနှင့် ကုန်ရထား(၆)စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင် သိရသည်။

 

#Yangon_Times/BM #Local_News #ရထားလမ်းတံတား မိုင်းခွဲဖျက်ဆီးခံရ