Published_ 17 july 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအားလက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်၍ ကျေးရွာမီးရှို့ဖျက်ဆီးခံခဲ့ရသောကြောင့် စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကာ အရပ်သားအချို့ သေဆုံး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက် က နံနက် ၆ နာရီ ၄၀ မိနစ်ခန့်အချိန်နှင့် နံနက် ၁၁ နာရီခွဲခန့်အချိန်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်ဖက်က ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဆုတ်ခွာထွက်ပြေးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းတို့၏ နောက်သို့ ထပ်ကြပ်လိုက်လံချေမှုန်းတိုက်ခိုက်ခြင်း မပြုနိုင်ရန် ကျေးရွာအတွင်းရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီး ခဲ့မှုကြောင့် လူနေအိမ် ၆၅ လုံးနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ၁ ကျောင်းတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေ အရပ်သားပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Yangon-Times/BM
#Local_News
#YMG #Yangon_Times