#Local_News
Published_ 15 May 2023

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံတွင် မေလ ၁၄ ရက်က မိုးသည်းထန်စွာရွာသွန်း၍ ရှေးဟောင်းပစ္စည်းများအနည်းငယ်ပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာခွဲ က သိရသည်။

ပျက်စီးခဲ့သော ရှေးဟောင်းပစ္စည်းများမှာ ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံ ၊ ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင် ၊ ပုထိုးသားများဘုရား၊ သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း ၊ စူဠာမဏိဘုရားကြီးအတွင်း၊အာနန္ဒာဘုရားကြီးအတွင်း၊အနော်ရထာမင်းကြီး နန်းတော်ရာအဆောင်(B)တို့ ဖြစ်ကြောင်း သိရသည်။

ဓမ္မရာဇကဘုရား အနောက်မြောက်ထောင့် အောက်ခြေပတ်လည် ရင်ပြင်အုတ်ခုံမှာ အလျား(၁၅)ပေ၊ အကျယ်(၂.၅)ပေ၊ အမြင့် (၈)ပေခန့်အုတ်များပဲ့ကျခဲ့ကာ (ဝ.၀၁)ရာခိုင်နှုန်းခန့်ပျက်စီးရှိခဲ့ကာ ဆက်လက်ပဲ့ကျမှုမရှိစေရေး မိုးကာများဖြင့် အုပ်မိုးထားကြောင်းသိရသည်။

ယင်းအပြင် ထီးလိုမင်းလိုဘုရား အရှေ့မုခ်အဝင်မြောက်ဘက်တံတိုင်း ချင်းမိတ် တိုး အလျား(၈)ပေ၊ အနံ(၂)ပေခန့်ပြိုကျကာ(ဝ.၀၁) ခန့် ၊ သဗ္ဗေညုဘုရား တောင်ဘက်အုတ်တံတိုင်း အလျား(၁၃)ပေ၊ အမြင့်(၃)ပေ၊ ထု (၁)ပေနှင့် (၄) လက်မခန့်ပဲ့ကျခဲ့ကာ (ဝ.၀၅)ရာခိုင်နှုန်းခန့်၊ပုထိုးသားများဘုရား အရှေ့ဆင်ဝင်မျက်နှာစာ အလျား(၁၅)ပေ၊ ထု(၃)ပေ ခန့် အုတ်တစ်လွှာပဲ့ကျခဲ့ကြောင်း သိရသည်။

အလားတူ အာနန္ဒာဘုရားကြီးအတွင်း ရေဝင်ရောက်နေသည့်အတွက် ရေစက်စုပ်(၂)လုံးဖြင့်လည်းကောင်း၊ စူဠာမဏိဘုရားကြီးအတွင်း မိုးသည်းထန်ပြီးရေဝင်ရောက်မှုကြောင့် ရေစုပ်စက် (၇)လုံးဖြင့်လည်းကောင်း၊အနော်ရထာမင်းကြီး နန်းတော်ရာအဆောင်(B) ရေဝင်ရောက်နေသည့်အတွက် ရေစုပ်စက်(၂)လုံးဖြင့်လည်းကောင်း စုပ်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ymg/pl
#YMG #Yangon_Media_Group