#Local_News

Published_ 3 May 2023


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ မေလ(၃)ရက်တွင် ကျင်းပခဲ့သည်။



နံနက် (၅:၃၀)နာရီအချိန်တွင် ‌ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်သည်ဟုဆိုသည်၊၊

 

နံနက်(၇)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက ညောင်ရေအိုးများကိုင်ဆောင်လျက် ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်၊ နရီစည်တော် အဆောင်အယောင်များဖြင့် စေတီတော်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး အခမ်းအနားကျင်းပမည့် ရင်ပြင်တော်အင်္ဂါထောင့် ဗောဓိညောင်ပင်သို့ ဝင်ရောက်နေရာယူကြကြောင်း၊

 

ထို့နောက် ပရိဘောဂစေတီဖြစ်တော်မူသော ဗောဓိညောင်ပင်အား ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူကြကြောင်း၊ ဆက်လက်၍ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီးဥပါသကာတစ်ဦးက ကုသိုလ်တော်အတူပြုရန် နတ်၊ ဗြဟ္မာများအား ဖိတ်ကြားခြင်းဆောင်ရွက်ခဲ့သည်။ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးထိန်ဝင်းက ဗောဓိရုက္ခဥဒကပူဇာမင်္ဂလာ စာတမ်းလွှာကို ဖတ်ကြားလျှောက်ထား၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋကဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ သ.အ.စ ဓမ္မာစရိယ ပါဠိပါရဂူ ဘဒ္ဒန္တသိရိန္ဒာဘိဝံသထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအားရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ဩဝါဒါစရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ ဝိနယ+ဒီဃနိကာယပါဠိပါရဂူ၊ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ နာဂိတထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကြောင်းသိရသည်၊၊



ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်းပူဇော်ကြသည်။

 

အခမ်းအနားဒုတိယပိုင်းကိုဆက်လက် ကျင်းပရာတွင် ဗောဓိညောင်ပင်၏အရပ်လေးမျက်နှာ၌ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန် အဆောင်အယောင်များဖြင့် နေရာယူလျက် ဇယော ဟိ ဗုဒ္ဓဿ ဂါထာရွတ်ဆို၍ အစဉ်အတိုင်းရေသွန်းလောင်းပူဇော်ခြင်း၊ အရံယောဂီများက ဗောဓိညောင်နန်း အစချီသော ရှစ်လုံးဘွဲ့ကဗျာရွတ်ဆို၍ ညောင်ရေသွန်းလောင်းပူ‌ဇော်ခြင်း၊ ဧည့်ပရိတ်အပေါင်းက ဇယန္တောအစချီသည့် ဆုတောင်းပတ္တနာ(၆)ဂါထာနှင့် သွန်းကြ သွန်းကြ အစချီသည့် ဂါထာများကို ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ကုသိုလ်တော်အတူပြုရန် ပင့်ဖိတ်ထားသည့် နတ်ဗြဟ္မာများအား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း၊

 

အခမ်းအနားပြီးနောက် ရင်ပြင်တော် ‌အရပ်မျက်နှာအသီးသီးရှိ ဗောဓိညောင်ပင်(၅)ပင်တွင်အများပြည်သူတို့ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ စီမံမှုဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက တစ်နေ့တာ ကုသိုလ်ယူဆောင်ရွက်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်၊၊

 

#ymg/tthl #Local_News #ရွှေတိဂုံစေတီတော် #ကဆုန်လပြည့် #ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ #YMG #Yangon_Media_Group