#Local_News
Published_30 April 2023

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ၊ ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မကွေးမြို့၊ သံဃာရာမကျောင်းတိုက်မှ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တ စိန္တသာရဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်း သံဃာအပါး (၁၀၀)က ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် လေ့လာဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ဆရာတော်၊ သံဃာတော်ကြီးများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထားကိုးကွယ်ရန် စကျင်ကျောက်တုံးတော်ကြီးများအား အဆင့်ဆင့်တူးဖော် ခြင်းနှင့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွား တော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာ ချထားခြင်း လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုအခြေအနေများ၊ မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြေသာယာလှပ စေရေး အတွက် သစ်ပင်၊ ပန်းမန်များစိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိက အဆောက်အဦ များ ဆောက်လုပ်နေမှုနှင့် အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်း လျှောက်ထားခဲ့ကြကြောင်း သိရသည်။

ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပလ္လင်တော် တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှု အခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား မိထ္ထီလာမြို့၊ အသောကာရုံ ရေလည်ကျောင်းတိုက် နိုင်ငံတော်သြဝါဒစရိယ ဆရာ တော် ဘဒ္ဒန္တလာဘာဝတနှင့် ကျောက်ဆည်မြို့၊ ဧရာဝတီပရိယတ္တိ စာသင်တိုက် နိုင်ငံတော်သြဝါဒစရိယဆရာတော် ဘဒ္ဒန္တပါမောက္ခဘိဝံသတို့ ဦးဆောင်လျက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်းသံဃာ(၁၀၃)ပါးတို့က ဧပြီလ ၂၈ ရက်တွင်လည်းကောင်း၊ ကြာနီကန်စာသင်တိုက် နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တသူရိယ ဦးဆောင် သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှပင့်ဖိတ်ထားသည့် စာသင်တိုက်(၄၈)ခုမှ ဆရာတော်၊ သံဃာတော် စုစုပေါင်း(၆၀)ပါးတို့က ဧပြီလ ၂၇ ရက်တွင်လည်းကောင်း၊နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်ကြီးများဖြစ်ကြသည့် ဘဒ္ဒန္တသုဇနပိယ၊ ဘဒ္ဒန္တသာဂရဘိဝိံသ တို့ဦးဆောင်သော မန္တလေးတိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော် စုစုပေါင်း (၁၅၅) ပါးတို့က ဧပြီလ ၂၆ ရက်တွင် လည်းကောင်း အသီးသီး လေ့လာဖူးမြော်ကြည်ညိုခဲ့ကြပြီး ဖြစ်ကြောင်းလည်း သိရသည်။

ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #မကွေးမြို့ #ဆရာတော်ကြီး
#YMG #Yangon_Media_Group