#Local_News
Published_ 14 April 2023

မဟာဝိဇယစေတီတော်တွင် နှစ်ဆန်းတစ်ရက်နေ့၌ ဆုတောင်းအဓိဌာန်ပြည့်စေမည့်နေမင်းပူဇော်ပွဲ၊ဇီဝိတဒါနငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းအခမ်း အနားများကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်၊၊

 

စေတီတော်ဂန္ဓကုဠီတိုက်အတွင်းရှိ မြတ်စွာဘုရားဆင်းတုတော်အား တစ်နှစ်လုံးတွင်နှစ်ဆန်းတစ်ရက်နေ့တစ်ရက်တည်းသာနေမင်း၏အလင်းရောင်တိုက်ရိုက်ကျရောက်ပြီး နေမင်းပူဇော်ချိန်ဖြစ်၍ ယင်းအချိန်တွင်ဆုတောင်းအဓိဌာန်ပြုပါက ဆုတောင်း ပြည့်သည်ဟုယူဆကြပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နေမင်းပူဇော်ပွဲကျင်းပကြမည်ဖြစ်သည်၊၊

 

"အခုနှစ်မှာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက်၈နာရီ ၃၅မိနစ်မှာ အရှေ့အရပ်မှတစ်ကြိမ်၊မွန်းလွဲ ၃နာရီ ၂၅မိနစ်မှာ အနောက်အရပ်မှတစ်ကြိမ် ၂ကြိမ်တိုင်တိုင် နေမင်းရဲ့အလင်းရောင်နဲ့ဦးခိုက်မှာဖြစ်ပါတယ်၊၊အဲဒီ့အချိန်မှာ နေမင်းပူဇော်ပွဲပြုလုပ်ပြီး ဆုတောင်း အဓိဌာန်ပြုနိုင်ပါတယ်၊၊ဒီ့အပြင် မဟာဝိဇယစေတီတော်မှာ နှစ်ဆန်းတစ်ရက်နေ့မှာ မြို့နယ်အသီးသီးကစုပေါင်းပြီးဇီဝိတဒါန ငှက်လွှတ်ပွဲ၊ငါးလွှတ်ပွဲအခမ်းအနားတွေကျင်းပသွားဖို့ရှိပါတယ်"ဟု မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက YMGကိုပြောသည်၊၊

 

မဟာဝိဇယစေတီတော်တွင်ကျင်းပမည့်ငါးလွှတ်ပွဲအခမ်းအနားအတွက် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးကောင်ရေ(၁၅၀၀)ပေးထားပြီးအလှူရှင်များကလည်း သီးသန့်ဝယ်ယူလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ymg/tthl
#Local_News #နှစ်ဆန်းတစ်ရက်နေ့ #မဟာဝိဇယစေတီတော် #နေမင်းပူဇော်ပွဲ #ငှက်လွှတ်ခြင်းနှင့်ငါးလွှတ်ခြင်းအခမ်းအနားများကျင်းပ #YMG #Yangon_Media_Group