#Local_News
Published-27 February 2023

 

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကျီတိုင်ကျေးရွာအနီးရှိ မြေဧရိယာ ၁၃၂ ဒသမ ၃၅ ဧကပေါ်တွင် တည်ဆောက်နေသော ကင်းတားနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ၉၀ ဒသမ ၈ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။

 

ယင်း၏ စက်တပ်ဆင်အင်အားမှာ ၃၀ မဂ္ဂါဝပ်ဖြစ်ကာ လက်ရှိအချိန်တွင် ၁၉ မဂ္ဂါဝပ်ခန့် စမ်းသပ်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး စီမံကိန်းတစ်ခုလုံးပြီးစီးပါက ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းဖြင့် ကင်းတား ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၂၆ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်တို့ အဆိုပါ ကင်းတား ၃၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း၊ ကင်းတားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၉၃) အနီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းတို့ကို သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

ကင်းတားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ပန်းလောင်မြစ်ပေါ်တွင်တည်ရှိပြီး ကျောက်ဖြည့် ရေလှောင်တမံအမျိုးအစားတမံဖြစ်ကာ စက်တပ်ဆင်အင်အားမှာ ၂၈ မဂ္ဂါဝပ်ရှိ သည့် ဓာတ်အားပေးစက် နှစ်လုံးဖြစ်၍ စုစုပေါင်း ၅၆ မဂ္ဂါဝပ်ထွက်ရှိကြောင်း၊ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ၁၆၅ ကီလိုဝပ် နာရီသန်းပေါင်းဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားများကို ၁၃၂ ကေဗွီ ကင်းတား-သာစည် ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ကင်းတား-အင်းကုန်း ဓာတ်အားလိုင်းတို့ဖြင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၉၃) အနီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ၅၀၀ ကေဗွီအေ ကံကောင်းဓာတ်အားခွဲ ရုံ စီမံကိန်းလုပ်ငန်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ၅၀၀ ကေဗွီအေ ဓာတ်အားခွဲရုံစီမံကိန်းဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအနေဖြင့် လက်ရှိတွင် ၇၃ ဒသမ ၁၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt #Local_News #ကင်းတား #နေရောင်ခြည်စွမ်းအင်သုံး
#လျှပ်စစ်ဓာတ်အားပေးစက်ရုံ #စီမံကိန်း #YMG#Yangon_Media_Group