#Local_News
Published_ 18 February 2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ ပင်လုံ-လဲချားသွားကားလမ်း၊ ပင်လုံကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်က မော်တော်ယာဉ်များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေစဉ် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက သိရသည်။
ယင်းသို့ စစ်ဆေးခဲ့ရာတွင် ကြည်စိုး မောင်းနှင်လာသည့် CROWN အမျိုးအစား မော်တော်ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရခွန်စောနိုင်(ခ)ခွန်ပန်းလှိုင်၊ ခွန်ဝမ်းတူး နှင့် ခွန်အောင်ကျော်ဇေယျ(ခ) ကိုတလိုင်း တို့အား ပင်လုံမြို့၊ မင်္ဂလာရေကန်အနီးတွင် CROWN အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့် လည်းကောင်း၊ ဝင်းမြင့်အား ၎င်းနေထိုင်သည့် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ကြည်စိုး(၃၀)နှစ်၊ ခွန်စောနိုင်(ခ) ခွန်ပန်းလှိုင်(၄၉)နှစ်၊ ခွန်ဝမ်းတူး(၂၆)နှစ်၊ ခွန်အောင်ကျော်ဇေယျ(ခ)ကိုတလိုင်း(၄၃)နှစ် နှင့် ဝင်းမြင့်(၄၁)နှစ်တို့အား ပင်လုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူ ထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group