#Local_News
Published_ 21 January 2023

 

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်သည့်အထိ ရာသီဥတုအေးခဲ့သလို လာနီညာဖြစ်စဉ်ရှိနေသေး၍ စိုစွတ်အေးမြခြင်းများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊

 

မောင်တောတွင် မောင်တောစခန်းဖွင့်ချိန်မှ နှစ်ပေါင်း၅၀အတွင်း အနိမ့်ဆုံးအပူချိန် ၇.၈ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ၂၀၂၃ ဇန်နဝါရီလ ၂၃ တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်အဖြစ် ၆.၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်ဟုဌာနမှ ထုတ်ပြန်ထားသည်၊၊

 

ဇန်နဝါရီလတတိယ(၁၀) ရက်ပတ်တာဖြစ်သော ဇန်နဝါရီလ(၂၀)ရက်မှ(၃၀)ရက်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင်ဆက်လက်တည်ရှိနိုင်သည်ဟု ဆိုသည်၊၊

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတတိယ(၁၀)ရက်ပတ်အတွင်း ‌ဖြစ်ပေါ်နိုင်သည့် လာနီညာ အခြေအနေထုတ်ပြန်ချက်အရ သိရခြင်းဖြစ်သည်၊၊

 

ထုတ်ပြန်ချက်တွင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်၊၊

 

အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမို ဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊

 

လာနီညာဖြစ်စဉ်ကြောင့် ညအပူချိန်များလျော့နည်းခဲ့ပြီး ညအပူချိန်များမှာချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ နေပြည်တော်တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လာနီညာနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group