#Local_News
Published_ 15 January 2023

 

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ပိုင်းရှိ နိုင်ငံများအားလုံးနှင့် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

အိန္ဒိယသမ္မတနိုင်ငံက Virtual စနစ်ဖြင့်ကျင်းပတဲ့ Voice of the South Summit ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲ ဇန်နဝါရီ ၁၃ ရက်တွင်ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

 

ဆွေးနွေးပွဲတွင် ဝန်ကြီးက မြန်မာနှင့်အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ပြီး အရေးပါတဲ့ စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ကာ မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ ၁၇၀ တွင် အိန္ဒိယနိုင်ငံသည် စတုတ္ထကုန်သွယ်မှုအများဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။

 

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်တက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန် ဒေသတွင်းရှိ အခြားမိတ်ဖက်နိုင်ငံများကိုလည်း တိုက်တွန်းခဲ့ပါတယ်။

 

ထို့ပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် ပိုမိုအားကောင်းစေရေးအပြင် စီးပွားရေးအလားအလာကောင်းများရှာဖွေရန်၊ ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်စေရန်နှင့် ခရီးသွားလုပ်ငန်းများ ကောင်းမွန်စေရန် တိုက်တွန်းဆောင်ရွက်သွားရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်နိုင်ရေး ဆွေးနွေးခဲ့ပါတယ်။

 

စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ထုတ်လုပ်မှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပြောကြားခဲ့ပါတယ်။

 

အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း (၂၅) နိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group