#LocalNews
Published_ 9  January 2023

 

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကိုတစ်ပိဿာ ကျပ် ၄၅၃၀  ကျပ်သတ်မှတ်ပေးထားကြောင်း သိရသည်။

 

အဆိုပါ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသည် ပြီးခဲ့သည့်တစ်ပါတ်ထက် ၆၀ ကျပ် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ သတ်မှတ်ထားပေးထားခြင်းဖြစ်သည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေ​ဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းတွေကိုနေ့စဉ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းနေရကြောင်း သိရသည်။

 

ယင်းအပြင် ​ပြင်ပဈေးကွက်တွင်လည်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ရောင်းချသူများထံမှ သိရသည်။

 

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/sth
#Yangon_Media_Group