#Local_News
Published_7 December 2022

 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လူနေမှုအပေါ်အနှောက်အယှက်ဖြစ်စေမည့်လုပ်ရပ်များ ပြုလုပ်ပါက ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အထောက်အကူပြုရုံးက ထုတ်ပြန်ကြေညာလိုက်သည်။

 

လတ်တလောတွင် ကိုးကန့်ဒေသနှင့်စပ်လျဉ်း၍ အမျိုးမျိုးသောသတင်းမှားများနှင့် မဟုတ်မမှန်သော ဗီဒီယို၊ စာတိုစသည့်အချက်အလက် အများအပြား အွန်လိုင်းပလက်ဖောင်းများတွင် ပျံ့နှံ့သောကြောင့် ကိုးကန့်ဒေသရှိ လူမှုအသိုက်အဝန်းနှင့် ပြည်သူများ၏ ထုတ်လုပ်မှုများနှင့် လူနေမှုဘဝများအပေါ် ထိခိုက်မှုများဖြစ်စေခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အွန်လိုင်းပလက်ဖောင်းအသီးသီးတွင် ကိုးကန့်ဒေသနှင့် သက်ဆိုင်သော သတင်းမှားများနှင့် မဟုတ်မမှန်သောအချက်အလက်များကို ဖြန့်ထားသူများအနေဖြင့် ယင်းတို့ကို ချက်ချင်းဖျက်ပစ်ရန်နှင့် သတင်းမှားများ၊ ထိတ်လန့်တကြားဖြစ်စေရန် ဆိုးရွားသောအပြုအမှုများ ပြုလုပ်မည်ဆိုပါကလည်း ဥပဒေနှင့်အညီစစ်ဆေးဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြည်သူလူထုများအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် မဟုတ်မမှန်သောသတင်းများဖြန့်ခြင်းကို တားမြစ်ရန်နှင့် မမှန်ကန်သောပုံရိပ်များ ကို ဖယ်ရှားရန်အတွက် အွန်လိုင်းပေါ်က သတင်းမှားများကို မယုံမှားစေရန်နှင့် သတင်းမှားများကို မဖြန့်ရန် သတိပြုကြရန်လည်း တိုက်တွန်းထားသည်။

 

အဆိုပါ ကြေညာချက်တွင် ကိုးကန့်လူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးကိုနှစ်သက်ကြပြီး ဒေသအတွင်းလက်ရှိအခြေအနေမှာ ပုံမှန်တည်ငြိမ်လျက်ရှိကြောင်း၊ နိုင်ငံတပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို ကာကွယ်နိုင်သောအရည်အချင်း ရှိကြောင်းလည်း ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group