#Local_News
Published_ 26 November 2022

ကုလသမဂ္ဂအမျိုးသမီးများ အသင်းမှ ကြီးမှူးလျက် ကမ္ဘာတစ်ဝှမ်းရှိ ချို့တဲ့သည့် ကလေးသူငယ်များအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂအဆောက်အဦ၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂစျေးရောင်းပွဲကို နိုဝင်ဘာ ၂၂ ရက်၌ ကျင်းပခဲ့ရာ မြန်မာအဖွဲ့ရုံးမှ အမျိုးသား ယဉ်ကျေးမှု ဆိုင်ခန်းနှင့် အစားအသောက်ဆိုင်ခန်းနှစ်မျိုးဖြင့် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

 

ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံး၏ ညွှန်ကြားရေးမှူးချုပ် Ms. Tatiana Valovaya၊ ကုလသမဂ္ဂ အမျိုးသမီးများအသင်း ဥက္ကဋ္ဌ Ms. Niloufar Rafi-Kian Bouabid နှင့် အိန္ဒိယအမြဲတမ်း ကိုယ်စားလှယ်၏ ဇနီး Mrs. Shushma PANDEY တို့မှ အဖွင့် အမှာစကားအသီးသီး ပြောကြားကာ စျေးရောင်းပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုဆိုင်ခန်းတွင် မြန်မာမှု ရွှေချည်ထိုး ငွေချည်ထိုး ပစ္စည်းများ၊ မြန်မာ့တွင်းထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ အသုံးအဆောင်များအပါအဝင် မြန်မာချည်ထည်တို့ကို ရောင်းချခဲ့ပြီး၊ ရိုးရာ အစားအသောက် ဆိုင်ခန်းတွင် မြန်မာ့အစား အစာ အုန်းနို့ခေါက်ဆွဲနှင့် သာကူတို့ကို ရောင်းချခဲ့ပြီး မြန်မာအဖွဲ့ရုံးသည် ဈေးရောင်းပွဲမှ ရရှိသည့် အမြတ်ငွေ ဆွစ်ဖရန့် ၄၅၀ ကို UNWG သို့ လှူဒါန်းခဲ့ပါတယ်။

 

မတူကွဲပြားသည့်လူမျိုးနှင့် ယဉ်ကျေးမှုနောက်ခံဖြင့် အမျိုးသမီးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုပိုမို မြှင့်တင်နိုင်ရေးရည်ရွယ်၍ကုလသမဂ္ဂ အမျိုးသမီးများ အသင်းကို ၁၉၇၀ ခုနှစ်တွင်ဖွဲ့စည်းခဲ့ပြီး အကျိုးအမြတ်ရှေးမရှုသော ပရဟိတ အဖွဲ့အစည်းတစ်ခု (non-profit organization) ဖြစ်ကြောင်း သိရှိရပါတယ်။

#ygm_mnn
#Yangon_Media_Group