#Local_News
Published_24 November 2022

 

ထိုင်းနိုင်ငံနှင့်ခြေစမ်းမည့် မြန်မာအသင်းအတွက် ပဏာမ ကစားသမား ၂၅ ဦးစာရင်းကိုမြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ယင်း ပဏာမကစားသမားများမှာ ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် ထိုင်းနှင့်မြန်မာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွင် ကစားကြမည့်သူများ ဖြစ်ပြီး အဆိုပါ ကစားသမား ၂၅ ဦးသည် လေးပွင့်ဆိုင် ခြေစမ်းပွဲမှ ရွေးချယ်ထားသည့် ပြည်တွင်းလိဂ် ကလပ်များမှ ကစားသမားများသာဖြစ်ကြကြောင်း၊ ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများ အနေဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအသင်း ရောက်ရှိမှသာ လာရောက်ပူးပေါင်းကြမည် ဖြစ်ကြောင်း သိရသည်။

 

နည်းပြချုပ် အန်တွမ်နီဟေးက ယနေ့ထုတ်ပြန်သည့် ကစားသမား ၂၅ ဦးနှင့် ပြည်ပတွင် သွားရောက်ကစားနေသည့် ကစားသမားများအား ပူးပေါင်းလေ့ကျင့်ပြီးသည်နှင့် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း ကစားသမားစာရင်းကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

မြန်မာ့လက်ရွေးစင် အသင်းနှင့် ထိုင်း လက်ရွေးစင် အသင်းတို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာလ ၁၁ ရက်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ ခြေစမ်းပွဲအပြီးတွင် AFF MITS UBISHI ELECTRIC CUP 2022 ပြိုင်ပွဲအတွက် အပြီးသတ် မြန်မာ့လက်ရွေးစင် အသင်း လူစာရင်းကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

 

#ymmg/mt
#Yangon_Media_Group