#Local_News
Published_24 November 2022

 

ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့၊ သန်လျင် သဘာဝတရားရိပ်သာ၏ ယာဉ်များကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်၍ သံဃာတော်တစ်ပါးပျံလွန်ကာ ၃ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။

 

သံဃာတော် ၂ ပါး၊ သာသနာနွယ်ဝင် သီလရှင် ၃ ပါး၊ ဒါယကာဒါယိကာမ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၆ ဦးတို့ လိုက်ပါလာသည့် မော်တော်ယာဉ်အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်နှင့် အခြားမော်တော်ယာဉ် စုစုပေါင်း၂ စီးကို နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာ လမ်းဆုံအနီးတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါမော်တော်ယာဉ် ၂ စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်က ကော့သောင်းမြို့မှ ထားဝယ်မြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် ၁ စီးမှာ လမ်းဘေးသို့ ထိုးကျခဲ့ ပြီး ကျန် ၁ စီးမှာ ရပ်တန့်သွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သက်တော် ၂၅ နှစ်အရွယ် သံဃာတော် ဘဒ္ဒန္တဇနက၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့ကာဒါယကာဒါယိကာမများဖြစ်သော ဒေါ်အေးသီတာလွင် ၊ ဦးနန်းဦး နှင့် ဦးသက်အောင်ဇော် တို့တွင် လက်နက် ငယ်ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

 

ယင်းနောက် အဆိုပါ ပစ်ခတ်သည့် လက်နက်ကိုင်အဖွဲ့က ၎င်းတို့အားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လွန်တော်မူခဲ့သည့် သံဃာတော်အား နိုဝင်ဘာလ ၂၃ ရက်က ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

 

#ymg/mt
#Yangon_Media_Group