#Local_News
Published 18 Sept 2022

မကွေး-ပျော်ဘွယ်-ပြည်ညောင်-ပင်းပက် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မကွေး-ပျော်ဘွယ် ၈၇ မိုင်၊ ပျော်ဘွယ်-ပြည်ညောင် ၃၁ မိုင်နှင့် ပြည်ညောင်-ပင်းပက် ၆၇ မိုင် သုံးပိုင်းခွဲ၍ ဧပြီလမှစတင်ကာ အဆင့်မြှင့်တင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ယခုအခါ အဆင့်မြှင့်တင်ခြင်း လုပ်ငန်များမှာ စီမံကိန်းတစ်ခုလုံး၏ ၇၇ ဒသမ ၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးမြင့်ဦးသည် စက်တင်ဘာ ၁၇ ရက်တွင် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

 

အမှတ် (၂) သံမဏိစက်ရုံ(ပင်းပက်) ပြန်လည်လည်ပတ်ပါက အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ရေနံချောင်း Off-take မှတဆင့် ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ကြိုတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

ဆက်လက်၍ ဝန်ကြီးသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းပက်သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်းသို့ရောက်ရှိစစ်ဆေးရာ သံမဏိစက်ရုံ ပြန်လည်လည်ပတ်ချိန်တွင် စက်ရုံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ပေးနိုင်ရေး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေစီမံကိန်းမှ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ထားဖို့ ပြောကြားခဲ့ပါတယ်။

 

ပင်းပက်ဓာတ်ငွေ့ထိန်းဖြန့်စခန်းရှိ သဘာဝဓာတ်ငွေ့ ဖိအားမြှင့်စက်များ ဖိအားစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ သရက်ပုကျေးရွာအနီးရှိ ပိုက်လိုင်းပြုပြင်ခြင်းနှင့် ပိုက်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group