#LocalNews
Published _ 11 September 2022

 

ရခိုင်ရိုးမရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် တရားမဝင်သစ်များ ဖမ်းဆီးမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

စက်တင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီခွဲခန့်အချိန်က ပဲခူးတိုင်းဒေသကြီး ဥသျှစ်ပင်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သို့ တရားမဝင်သစ်များ တင်ဆောင်လာသည် မော်တော်ယာဉ် တစ်စီးကိုတောင်ပုံကြီးပူးပေါင်းစစ်ဆေးဂိတ်၌ ယာဉ်အသွားအလာများစစ်ဆေးနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သစ်တင်လာသောမော်တော်ယာဉ်မောင်း ဥသျှစ်ပင်မြို့နယ်နေ အသက် ၃၁ နှစ်အရွယ် စိုင်းဇော်စိုး(ခ)ကိုစိုင်း မောင်းနှင်လာသည့် Forland (အပြာရောင်)မော်တော်ယာဉ်ကို စစ်ဆေးစဉ် ဂျင်း(ချင်း)အိတ်များအောက်တွင် တရားမဝင်တင်ဆောင်လာသည့် ကျွန်းပြတင်းပေါက် ၆၅ ချပ်၊ ကျွန်းတံခါးရွက် ၆ ချပ်၊ ပျဉ်းကတိုးကျည်းဘောင် ၇၀ ချောင်း၊ စုစုပေါင်း ကာလတန်းဖိုး ၇၀၈,၁၈၀ ကျပ်ခန့်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ထားသည်။

 

သစ်ပိုင်ရှင်ဖြစ်သူမှာ ဇော်မင်းဦးဆိုသူဖြစ်ပြီး တောင်ကုတ်မြို့ဆိပ်ကမ်းသို့ ပို့ဆောင်ခိုင်းသဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၊ယခုအခါ ဖမ်းဆီးရမိသောသစ်များကို တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံ၍ ဖမ်းဆီးရမိတရားခံ၊ ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group