#Local_News
Published _ 6 September 2022

 

ထောင်ဒဏ် အနှစ် ၂၀ ထိ ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်စစ်ဆေးရန် ကျန်ရှိနေသေးသည့် အမှုများထဲမှ ရဟတ်ယာဉ်ဝယ်ယူသည့် ကိစ္စအတွက် အမှုအမှတ် ၄၈ ကို ယနေ့ စက်တင်ဘာလ ၆ ရက်တွင် ဆက်လက် စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

 

စက်တင်ဘာလ ၅ ရက်ကလည်း ရဟတ်ယာဉ်ဝယ်ယူသည့်အမှုများထဲမှ အမှုအမှတ် ၄၆ နှင့် ၄၇ တို့ကို စစ်ဆေးခဲ့ကြောင်း၊ ယနေ့တွင် အမှုအမှတ် ၄၈ နှင့်ပတ်သက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်အား တရားလိုပြသက်သေအဖြစ် ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"ဒီနေ့မနက်ပိုင်းမှာ ရဟတ်ယာဉ်အမှု ၄၈ ကို ဆက်ပြီးစစ်တယ်၊အမြဲတမ်းအတွင်းဝန် ဦးကိုကိုနိုင်ကိုပဲ စစ်တာပါ။ မပြီးသေးဘူး ၊ လာမယ့် စက်တင်ဘာလ ၁၂ ရက်မှာ ထပ်ပြီးတော့ စစ်ဆေးဖို့ ရှိပါတယ်"ဟု တရားရုံးနှင့် နီးစပ်သူက YMG ကို ပြောသည်။

 

ယနေ့ စက်တင်ဘာလ ၆ ရက်တွင် စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်နှင့် ပတ်သက်သည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ငွေလှူဒါန်းမှုကိစ္စကိုပါ စစ်ဆေးရန် ရှိခဲ့သော်လည်း တရားလိုပြ သက်သေ ဒေါက်သန့်သော်ကောင်း မလာသည့်အတွက် ရဟတ်ယာဉ်အမှု စစ်ဆေးမည့် စက်တင်ဘာလ ၁၂ ရက်တွင် ပူးတွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း အဆိုပါ နီးစပ်သူက ပြောသည်။

 

#ymg/mt
#Yangon_Media_Group