#Local_News
Published_3 September 2022

ငြိမ်းချမ်းရေးဖြစ်စဉ်ဦးဆောင်မှုအဖွဲ့ (Peace Process Steering Team- PPST) ၏ ဦးဆောင်နာယကအဖြစ်မှ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှုတ်ထွက်လိုက်ကြောင်း သိရသည်။

 

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အနေဖြင့် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သောကြောင့် ဦးဆောင်နာယကအဖြစ်တာဝန်ယူမည့်ကိစ္စကို ရုတ်သိမ်းကြောင်း PPST အဖွဲထံ စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

 

ယင်းစာတွင် ''PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန်သဘောတူကြောင်း ကျွန်တော်မှ ၄/၈/၂၀၂၂ ရက်စွဲဖြင့် PPST သို့ စာပေးပို့ခဲ့သလို PPST ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၊ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း၏ ရည်ညွှန်းစာပါ အကြောင်းကြားစာကိုလည်း လက်ခံရရှိခဲ့ပါသည်။ ကျွန်တော်၏ ကိုယ်ပိုင်သဘောထားဆုံးဖြတ်ချက်ဖြင့် အဖွဲ့အစည်းကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အရ လွတ်လပ်စွာ ပါဝင်ရန် ပြန်ကြားစာပေးပို့ခဲ့သော်လည်း ၃၁.၈.၂၀၂၂ ရက်တွင်ကျင်းပသော KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ကျွန်တော်သည် PPST ၏ ဦးဆောင်နာယက အဖြစ် တာဝန်မယူသင့်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။ KNU ၏ ဥက္ကဌတစ်ဦးဖြစ်သော ကျွန်တော်သည် ဒီမိုကရေစီစနစ်ကို လက်ခံယုံကြည်သူဖြစ်ပြီး KNU က ချမှတ်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေများကို တာဝန်ခံထိန်းသိမ်းရန်တာဝန်ရှိသည့် အလျောက် ပုဂ္ဂိုလ်ရေးအမြင်ထက် အဖွဲ့အစည်း၏ "မူ"၊ လမ်းစဉ်အပေါ် ဦးစားပေး ရှေ့ဆောင်မှုပြုရန် ရည်ရွယ်၍ PPST ၏ ဦးဆောင်နာယက အဖြစ်တာဝန်ယူရန်သဘောတူသည့်ပေးစာကို ပြန်လည် ရုတ်သိမ်းပါကြောင်း လေးစားစွာအကြောင်းပြန်အပ်ပါသည်" ဟု ပါရှိသည်။

 

"PPST ရဲ့ ပထမဆုံးနာယကကြီးဟာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဖြစ်လာခဲ့တာပဲ။ သူ့ကို လက်ရှိ PPST ရဲ့ တာဝန်ရှိသူတွေက ကမ်းလှမ်းတောင်းဆိုခဲ့တာပါ၊ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးဟာ PPST မှာ နိုင်ငံရေးလမ်းညွှန်မှုနဲ့ ဦးဆောင်မှုတွေပေးနိုင်မယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ယုံကြည်ထားကြပါတယ်။ PPST ရဲ့ လုပ်ငန်းလမ်းညွှန်ချက်မှာ အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှုမပါဘဲ ကိုယ်ပိုင်လွတ်လပ်တဲ့ ဆန္ဒအရ ပါဝင်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး အနေနဲ့ KNU ဥက္ကဌ ဖြစ်ပေမဲ့လည်း အဖွဲ့ကို ကိုယ်စားမပြုဘဲ ပုဂ္ဂိုလ်အနေနဲ့ ပါဝင်လာခဲ့တာပါ"ဟု PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့် က YMG ကို ပြောထားဖူးသည်။

 

PPST တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ပါဝင်ကြကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group