#Local_News
Published_3 September 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ဧရာဝတီဘဏ်ခွဲ(၂၆)ကို ဝင်ရောက်ဓားထောက်ဓားပြတိုက်ခဲ့သူအား ဖမ်းဆီးရမိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

 

စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပြည်လမ်းရှိတဲ့ ဧရာဝတီဘဏ်ခွဲ(၂၆)မှာ အတွင်းသို့ အသက်(၃၀)နှစ်ခန့်ရှိ MASK တပ်ထားသူ အမျိုးသားတစ်ဦး ဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်း မဆွေဆွေဝင်းအား အသင့်ယူဆောင်လာသောဓားဖြင့်ထောက်ကာ ခြိမ်းခြောက်၍ ကောင်တာပေါ်မှ ငွေများကို ပါလာသည့်ကျောပိုးအိတ်အတွင်းထည့်ခိုင်းခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ခြိမ်းခြောက်လုယက်နေစဉ် ဘဏ်အတွင်းရှိဝန်ထမ်းများ၊ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သောကြောင့် ဓားထောက်ဓားပြတိုက်သူက ကျောပိုးအိတ်ကိုထားကာ ဘဏ်အတွင်းက ထွက်ပြေးသွားခဲ့ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ညနေ ၄ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ၎င်းအား လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မြကန်သာ(၂) လမ်း၊ အမှတ်(၆၇၈)အနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဓားပြမှာ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင် (၈)လမ်း၊ တိုက်(၅၉၅)နေ အသက် ၂၉ နှစ်ရှိ စိုးသီဟဆိုသူဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group