#LocalNews
Published_28 August 2022

 

တရားမဝင်မြန်မာများတင်လာသည့်ယာဉ်တစ်စီး ထိုင်းနိုင်ငံအတွင်း တိမ်းမှောက်၍ လေးဦး သေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်သည် ဘုရားသုံးဆူဂိတ်နှင့် ထိုင်းနိုင်ငံ Sangkhla Buri ခရိုင်ကို ဆက်သွယ်ထားသော အဝေးပြေးလမ်း ၃၂၃ ပေါ်တွင် ယနေ့ သြဂုတ်လ ၂၈ ရက် နံနက်ပိုင်းက တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်အကူယူဆရသူနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ထိုင်းနိုင်ငံသတင်းများကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး လိုက်ပါဆောင်ရွက်နေသူများကဆိုသည်။

 

ယာဉ်ပေါ်တွင် တရားမဝင် မြန်မာ ၁၃ ဦးအနက် ၄ ဦးသေဆုံးခြင်းဖြစ်ပြီး ၉ ဦးက ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးခဲ့သူများမှာ အသက် ၁၄ နှစ်ခန့်အရွယ် ယောကျ်ားလေးတစ်ဦးအပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် မည်သူမည်ဝါ မသိရသေးကြောင်း သိရသည်။

 

လက်ရှိတွင် ဒဏ်ရာရရှိသွားသော မြန်မာနိုင်ငံသား ၉ ဦးကို Sangkhla Buri ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူနိုင်ရန် လုပ်ဆောင်ထားကြောင်းလည်း သိရသည်။

 

#photo_BP
ymg/mt
#Yangon_Media_Group