#Local_News
Published_ 28 Aug 2022

 

နေရောင်ခြည်စွမ်းအင် အရင်းအမြစ်များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် နေရာင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ နစကလျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန် က ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးသည် ဩဂုတ် ၂၇ ရက်တွင် သာစည်မြို့နယ်ရှိ မဂ္ဂါဝပ် ၂၀ ရေပေါင်းဆုံ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်း၊ ကျောက်ဆည်မြို့နယ်ရှိ မဂ္ဂါဝပ် ၃၀ ဘဲလင်းနေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေး စက်ရုံစီမံကိန်းနှင့် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

 

ဝန်ကြီးက ဆိုလာစီမံကိန်းများတွင် Tracking System တပ်ဆင်ထားခြင်းကြောင့် လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရသဖြင့် ဆိုလာ Tracking System နည်းပညာကို အသုံးပြုတည်ဆောက်သွားရန် လိုအပ်ကြောင်း၊ ကုမ္ပဏီအသီးသီးမှ စီမံကိန်း မြေနေရာများနှင့်ပတ်သက်၍ သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းနေမှုကို အမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်သွားရန် မှာကြားပါတယ်။

ပြည်သူများ လိုအပ်နေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေခြင်းဖြစ်သည့်အတွက် လက်ရှိတည်ဆောက်လျက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံ စီမံကိန်းများကို သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

 

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းများ၏ လုပ်ငန်းခွင်များအတွင်း တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရေပေါင်းဆုံဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်း ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group