#Local_News
Published_15 August 2022

 

လူမှုကွန်ရက်ပေါ်တွင် စက်သုံးဆီဝယ်ယူရန် စောင့်ဆိုင်းနေရခြင်းနှင့် စက်သုံးဆီများ ပြတ်လပ်နေခြင်းများ ဖြစ်ပေါ်နေကြောင်း သတင်းများထွက်ပေါ်မှုမှာ ကောလဟာလသာဖြစ်ပြီး လက်ရှိတွင် စက်သုံးဆီ ဂါလန် သိန်းနှင့်ချီရှိကာ မကြာမီရက်ပိုင်းအတွင်း ဆီသင်္ဘော ၁၂ စင်း ထပ်မံဝင်ရောက်ရန်လည်းရှိနေသေးကြောင်းပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား သြဂုတ်လ ၁၅ ရက်က ပြောသည်။

 

“မနေ့က(သြဂုတ်လ ၁၄ရက်)ဆိုရင် သင်္ဘောတစ်စီးပေါ့၊ စက်သုံးဆီ သီလဝါဆိပ်ကမ်းမှာ ချပါတယ်။ ဒီနေ့(သြဂုတ်လ ၁၅ ရက်) ဆိုရင် သင်္ဘော လေးစီး သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီချလျက်ရှိတယ်။ 92၊ 95၊ Premium Desel၊ Diesel အားလုံးပေါင်း တန် ၆ဝဝဝဝ လောက် ရှိပါတယ်။ ဂါလံ တစ်ဆယ့်သုံးသိန်းလောက် ရှိတာပေါ့။ 92 ဆိုရင် ၂၇ဝဝဝ တန်လောက် ဒီနေ့ ((သြဂုတ်လ ၁၅ ရက်)ရောက်ရှိနေပြီ ဖြစ်တယ်။ 95 ဆိုရင် တန် ၃ဝဝဝ ကျော် ရှိပါတယ်။ Diesel တန် ၆ဝဝဝ ရှိတယ်။ Premium Diesel ၂၂၆ဝဝ တန်ကျော် ရှိပါတယ်။ အဲ့တာတွေ ဒီနေ့ (သြဂုတ်လ ၁၅ ရက်)ချလျက်ရှိပါတယ်။ နောက်တစ်ခုက သြဂုတ် ၁၈ ရက်နေ့ဆိုရင် နောက်ထပ် တန်ချိန် ၂ဝဝဝဝ သင်္ဘော ထပ်ဝင်ဖို ရှိတယ်။ သြဂုတ်၁၉ ရက်နေ့မှာလည်း တန်ချိန် ၂၃ဝဝဝ လောက် သင်္ဘောထပ်ဝင်ဖို့ရှိတယ်။ နောက်ထပ် သင်္ဘော ၁၂ စင်းလည်း ထပ်ဝင်ဖို့ ရှိပါတယ်။ ပြည်သူလူထုကို အသိပေးချင်တာက ဒီကောလဟာလတွေကို တမင်သက်သက်ကို ထုတ်လွှင့်နေတဲ့သူတွေ ရှိပါတယ်။ ဒီကောလဟာလတွေကို မယုံကြည်ကြဖို့ ပြောချင်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုပေါ့၊ မငြိမ်သက်မှုဖြစ်အောင် လှုံ့ဆော်နေတာတွေရှိတယ်၊ ဒါတွေကို မယုံကြည်ကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကမ္ဘာမှာ စက်သုံးဆီဈေးနှုန်းတွေကတော့ သူ့ရဲ့ဈေးနှုန်းတွေအတိုင်းပဲ တက်နေတာတွေ ရှိတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ပြည်သူလူထုကို ကျွန်တော်တို့ စက်သုံးဆီနဲ့ပတ်သက်ပြီး သက်သာစွာ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးလျက်ရှိတယ်။

 

ကျွန်တော်တို့ တတ်နိုင်တဲ့အပိုင်းဖြစ်တဲ့ အခွန်လျော့ပေါ့တာတို့၊ စက်သုံးဆီ တင်သွင်းနိုင်ဖို့အတွက် နိုင်ငံခြားငွေ ရောင်းချပေးတာတွေ ကျွန်တော်တို့ ဒါအဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိတယ်”ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယင်းအပြင် ဆီဆိုင်များ၌ မူလသိုလှောင်သည့် ပမာဏအပြင် အရန်ဆီများလည်း သိုလှောင်ထားရှိကြောင်း၊ စက်သုံးဆီ စုပြုံဝယ်ယူမှုကြောင့် မူလသိုလှောင်သည့် ပမာဏသို့အရန်စက်သုံးဆီမှ ပြန်ဖြည့်ချိန်တွင် စက်သုံးဆီ အချိန်ပိုင်း ပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းကဆိုသည်။

 

“ကုမ္ပဏီကြီးတွေရဲ့ ဆီဆိုင်တွေမှာလည်း သူ့ရဲ့ သိုလှောင်တဲ့ပမာဏရှိပါတယ်။ အရန်လည်း ရှိပြီးသားပါ။ အဲအချိန်မှာ စုပြုံပြီး ဝယ်ယူတဲ့အတွက်ကြောင့် မလို သိုလှောင်ထားတဲ့ ပမာဏက ပြန်ပြီးတော့ အရန်ထဲကနေ ပြန်ဖြည့်ရတာရှိတယ်။ အဲဒီ ဖြည့်တဲ့အချိန်မှာ အချိန်ပိုင်း စက်သုံးဆီ ပြတ်လပ်မှုဖြစ်ခဲ့တယ်။ ဒီအပေါ်မူတည်ပြီး ထပ်ဖွတော့ စက်သုံးဆီဆိုင် အငယ်တွေကပါ ချွေရောင်းတာတို၊ သူတို သတင်းမသိရတာအတွက် လုပ်တာတို့ ဖြစ်ပေါ်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ymg/mt
#Yangon_Media_Group